CNI International News

ဘဲဂရိတ်၊ ဧပြီ ၄

ဧပြီ ၃ ရက်၌ ကျင်းပခဲ့သည့် ဆားဘီးယားရွေးကောက်ပွဲတွင် လက်ရှိသမ္မတ အလက်ဇန္ဒားဘူချိ (Alexksandar Vucic) က ဆန္ဒမဲ စုစုပေါင်း၏ ၅၉ ဒသမ ၈ ရာခိုင်နှုန်း ရရှိထားပြီး အနိုင်ရရန် အလားအလာ ကောင်းနေကြောင်း ရိုက်တာသတင်းက ဖော်ပြထားသည်။

ဆားဘီးယားရွေးကောက်ပွဲ၏ မဲရေတွက်မှု တစိတ်တပိုင်းကို အခြေခံလျက် ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့များဖြစ်ကြသည့် Ipsos နှင့် CeSID တို့၏ ခန့်မှန်းချက်ကို ကိုးကားလျက် ရိုက်တာက ဖော်ပြထားသည်။

အောင်ပွဲခံညွန့်ပေါင်းအဖွဲ့ကို ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သူ အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီး ဇာဒရာဗကိုပိုနော့စ်က ၁၇ ဒသမ ၁ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။

လွှတ်တော်အတွက် မဲခွဲရာတွင် ဘူချိ၏ ဆာဘီးယားတိုးတက်ရေးပါတီ(SNS)ကပင် ထောက်ခံမဲ ၄၃ ဒသမ ၆ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးမှ တစ်ပြေးနေကြောင်း Ipsos နှင့် CeSID အဖွဲ့တို့က ခန့်မှန်းထားကြသည်။

အတိုက်အခံ မဟာမိတ်အဖွဲ့ဖြစ်သည့် United for Victory ကတော့ ထောက်ခံမဲ ၁၂ ဒသမ ၉ ရာခိုင်နှုန်းဖြင့် SNS ၏ နောက်တွင် ရပ်တည်နေသည်။

ဆားဘီးယားရွေးကောက်ပွဲ(GETTY IMAGES)

SNS ပါတီနှင့် နှစ်ရှည်လများ မဟာမိတ်ဖြစ်ခဲ့သော ဆားဘီးယားဆိုရှယ်လစ်ပါတီသည် မဲ ၁၁ ဒသမ ၆ ရာခိုင်နှုန်းဖြင့် တတိယ နေရာတွင် ရှိနေသည်။ အစိမ်းရောင် လှုပ်ရှားမှု ဆောင်ရွက်မည်ဟု ပြောကြားထားသော လက်ယာညွန့်ပေါင်းအဖွဲ့မှ Nada (Hope) နှင့် မိုရာမို (We Must) တို့သည် မဲစုစုပေါင်း၏ ၅ ဒသမ ၄ ရာခိုင်နှုန်းနှင့် ၄ ဒသမ ၃ ရာခိုင်နှုန်း အသီးသီး ရရှိ ထားကြသည်။

SNS သည် လွှတ်တော်ထဲတွင် တစ်ပါတီတည်း လွှမ်းမိုးရန် အမတ်နေရာ ၂၅၀ မလုံလောက်ခြင်းကြောင့် ညွန့်ပေါင်း မဟာမိတ် အဖွဲ့များထံမှ အမတ်နေရာများကို ရှာဖွေရဦးမည် ဖြစ်သည်။

ယခု ဆားဘီးယားနိုင်ငံ၏ ရွေးကောက်ပွဲတွင် မဲပေးသူဦးရေ ၅၈ ဒသမ ၅၄ ရာခိုင်နှုန်းဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်၏ ပဏာမ အချက်အလက်များအရ သိရသည်။

ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းသို့ ရုရှားကျူးကျော် တိုက်ခိုက်ခဲ့ပြီးနောက် ဆားဘီးယားနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဆိုင်ရာ ကတိကဝတ်များဖြင့် ဒုတိယ ၅ နှစ် ရာထူးသက်တမ်းအတွက် လက်ရှိသမ္မတ ဘူချိက ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

ဆားဘီယားနိုင်ငံတွင် မော်စကိုနှင့် အစဉ်အလာရှိသော ဆက်ဆံရေးနှင့် ဥရောပသမဂ္ဂ (EU) တွင် ပါဝင်ရေး ဆန္ဒမဲများ ရွေးချယ်ကြရာတွင် အနောက်နိုင်ငံများ၏ ဖိအား သက်ရောက်မှု ရှိခဲ့သည်။

ယူကရိန်းစစ်ရေး ပဋိပက္ခသည် မိမိ၏ မဲဆွယ်စည်းရုံးရေးများကို ထိခိုက်စေခဲ့ကြောင်း ဘူချိက အသိအမှတ်ပြုခဲ့ပြီး ဆားဘီးယားအနေဖြင့် EU အဖွဲ့ဝင်ဖြစ်ရေး၊ အဓိကရင်းနှီးမြှုပ်နှံသူ ရုရှားနှင့်တရုတ်တို့အကြား ဟန်ချက်ညီညီ ဖြစ်စေရေး စသည့် ကစားကွက်များမှ သွေဖီရန် အစီအစဉ်မရှိကြောင်း ပြောကြားခဲ့သည်။

Source: Reuters