CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၄

၂၀၂၃ တွင် ပြုလုပ်မည်ဆိုသည့် ရွေးကောက်ပွဲ နိုင်ငံရေးလမ်းကြောင်း ဖြစ်နိုင်ရန်ခက်ခဲမည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)၏ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မျိုးဝင်းက ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများ၏ စတုတ္ထအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များညီလာခံ (ဒုတိယပိုင်း) အပြီး ဧပြီ ၄ ရက်နေ့ PPST သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ ခြင်းဖြစ်သည်။

နစက-က ၂၀၂၃ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲကို ကျင်းပ၍ အနိုင်ရရှိသည့် ပါတီအား အာဏာလွှဲပြောင်းပေးမည်ဟု နစက ခေါင်းဆောင်များက ပြောကြားထားသည်။

ရဲဘော်မျိုးဝင်းက “ဒီနေရာမှာ ကျနော်တို့ PPST အနေနဲ့ နားလည်ထားတာက ဗမာပြည်ရဲ့ လက်ရှိနိုင်ငံရေး အကျပ်အတည်း ကို ဖြေရှင်းတဲ့နေရာမှာ ၂၀၂၃ ရွေးကောက်ပွဲ နည်းလမ်းနဲ့ ထွက်ဖို့အနေအထားက အင်မတန်မှ ခက်ခဲလိမ့်မယ်လို့ နားလည်တယ်၊ အောင်မြင်ဖို့အတွက် ခက်လိမ့်မယ်လို့ သုံးသပ်တယ်”ဟု ပြောသည်။

ရွေးကောက်ပွဲ PR စနစ်အကြောင်း ဆွေးနွေးပွဲ

မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းရာတွင် အားလုံးပါဝင်သည့် ဆွေးနွေးမှု ပြုလုပ်ရန် လိုအပ်ကြောင်း၊ ထိုအတွက် PPST အနေနှင့် တွေ့ဆုံဆွေးနွေးရေး နိုင်ငံရေးလမ်းပြ မြေပုံတစ်ရပ်ကို အဆိုပြုသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ နိုင်ငံရေးဆွေးနွေးမှုတွင် တပ်မတော်သာမကဘဲ သက်ဆိုင်သူအားလုံး ပါဝင်သည့် နိုင်ငံရေးဆွေးနွေးမှုများကို ပြုလုပ် သွားမည်ဖြစ်ကြောင်း၊ အဖွဲ့အစည်း အသီးသီးတွင် မတူကွဲပြားသည့် အခြေအနေများရှိကြောင်း၊ အဆိုပါ အခြေအနေများ ကိုလည်း လက်ခံသွားမည်ဖြစ်ကြောင်း PPST ၏ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မျိုးဝင်းက ပြောသည်။

၎င်းက “ဒါကြောင့်မို့ ဗမာပြည်နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မယ့် နိုင်ငံရေးထွက်ပေါက်တစ်ခုကို လမ်းကြောင်းတစ်ခုကို နိုင်ငံရေးလမ်းပြ မြေပုံဆိုင်ရာ အဆိုပြုချက်ကို ကျနော်တို့ အဆိုပြုတာ ဖြစ်ပါတယ်၊ အားလုံးညှိနှိုင်း ဆွေးနွေးပြီးတော့မှ အသွင်ကူးပြောင်းရေးဆိုင်ရာ အစီအစဉ်တစ်ရပ်ကို ဖော်ထုတ်ပေးမယ်လို့ အားလုံးညှိနှိုင်းဆွေးနွေးဖို့ပေါ့”ဟု ပြောသည်။

PPST ထိပ်သီးခေါင်းဆောင်များညီလာခံ (ဒုတိယပိုင်း)ကျင်းပခဲ့စဉ်

NCA ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များအနေနှင့် အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ကြိုးပမ်း ဆောင်ရွက်မှုများနှင့် ရှေ့ဆက် ဆောင်ရွက်သွားမည့် အစီအစဉ်များ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကြိုးပမ်းမှုများ ကို ကြိုဆိုကြောင်း အပစ်ရပ် လက်နက်ကိုင်အဖွဲ့များက ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် နိုင်ငံတကာ၏ ကြိုးပမ်းမှုများသည် မြန်မာနိုင်ငံ၏ လက်တွေ့နိုင်ငံရေး လိုအပ်ချက်များနှင့်အညီ ဖြစ်စေရေးအတွက် PPST အနေဖြင့် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာတွင် သက်ဆိုင်သူ အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးမှု အခင်းအကျင်း တစ်ရပ်ပေါ်ပေါက်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ရန် PPST အနေဖြင့် အဆင်သင့်ရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။