CNI International News

ဝါ‌ဆော၊ ဧပြီ ၄

အမေရိကန်အနေဖြင့် ဥရောပတွင် တပ်များဖြန့်ကြက်ချထားမှုကို သိသိသာသာ တိုးချဲ့ရန်၊ ရုရှားနယ်စပ် တလျှောက် တပ်များ ပိုချထားရန်နှင့် ပိုလန်တွင် နျူကလီးယားများ ထားရှိဖို့ဖြစ်နိုင်ခြေကို အာရုံစိုက်ရန် ပိုလန်ခေါင်းဆောင်က တိုက်တွန်းခဲ့ကြောင်း ရုရှားအာဘော် အာရ်တီသတင်းဌာနက ရေးသားဖော်ပြသည်။

“ရုရှားရဲ့ရန်ကြောင့် အမေရိကန်အနေနဲ့ ဥရောပမှာ လက်ရှိတပ်ဖွဲ့ဝင်အင်အား ၁ သိန်းကနေ ၁ သိန်းခွဲအထိ တိုးလိုက်မယ်ဆိုရင် ပိုလန်ကျေနပ်မိမှာပါ” ဟု ပိုလန်ဒုတိယဝန်ကြီးချုပ် ဂျာရိုစလောကက်ဇိုင်စကီ (Jaroslaw Kaczynski) က ဂျာမနီနိုင်ငံမှ ဧပြီ ၃ ရက်နေ့ထုတ် ဝက်အမ်ဆွန်တက် (Welt am Sonntag) သတင်းစာနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

လက်ရှိ ပိုလန်အာဏာရနိုင်ငံရေးပါတီကိုလည်း ဦးဆောင်နေရသူ ကက်ဇိုင်စကီက “ဥရောပတွင် ဝါရှင်တန် အင်အား ၇၅,၀၀၀(ခုနစ်သောင်းခွဲ)ကို ရုရှားနှင့်နယ်နမိတ်ချင်းထိစပ်နေသော နေတိုးအဖွဲ့ဝင်ဖြစ်သည့် မိမိတို့နိုင်ငံ၏ အရှေ့ခြမ်း တွင် အမြဲတမ်းတပ်စွဲထားသင့်ကြောင်း” ပြောကြားခဲ့သည်။

အဆိုပါတပ်အင်အားအရေအတွက်သည် ဖေဖော်ဝါရီ လကုန်ပိုင်း ယူကရိန်းသို့ ရုရှားထိုးစစ် မစတင်မီ ဥရောပတခွင် တပ်စွဲထားသည့် ဝါရှင်တန်အင်အား ၈၀,၀၀၀ (ရှစ်သောင်း)နှင့် ဟန်ချက်ညီမည်ဖြစ်သည်။

သို့သော်လည်း ပိုလန်သည် ရုရှားနှင့် ပိုမိုကျယ်ပြန့်သောစစ်မီးပွားဖို့ နှိုးဆွနိုင်သည့်အတွက် မော်စကို ကို လက်တုံ့ပြန်သည့် ပစ်မှတ်မဖြစ်စေရန် ဝါရှင်တန်က ငြင်းဆိုခဲ့သော အယူအဆအရ အမေရိကန်ကို ကြားနေ အဖြစ်သာ ရှိစေလိုသည်။

၁၉၉၁ ခုနှစ် စစ်အေးတိုက်ပွဲအဆုံးသတ်ပြီးနောက် မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့(နေတိုး) အရှေ့ဘက်သို့ တိုးချဲ့လာခဲ့ရာ ရုရှားကလည်း လုံခြုံရေးတင်းမာမှုများ တိုးလာမည်ဟု အခိုင်အမာပြောကြားခဲ့ပြီးဖြစ်သည်။

နေတိုးသည် ယခင်ဆိုဗီယက်အုပ်စုဝင်နိုင်ငံများနှင့် ဝါဆောစစ်စာချုပ်အဖွဲ့ဝင်နိုင်ငံများကို ၎င်းဘက်သို့ပါလာအောင် ဆွဲထည့်ခဲ့ပြီး ရုရှားနိုင်ငံ၏တံခါးဝဖြစ်သည့် အိမ်နီးချင်းနိုင်ငံအချို့၌ ဗျူဟာမြောက်လက်နက်များ ထားရှိ ခဲ့သည်။

ထိုသို့စစ်ရေးလှုပ်ရှားမှုများသည် ပိုင်းခြားမရသည့် လုံခြုံရေးမူဝါဒကို ချိုးဖောက်ရာရောက်ကြောင်း ယူကရိန်းသို့ မကျူးကျော်မီ ရက်ပိုင်းအလိုတွင် အမေရိကန်ဆိုင်ရာ ရုရှားသံအမတ်ကြီး အနာတိုလီအန်တိုနော့ဗ် (Anatoly Antonov) က ပြောကြားခဲ့သည်။

ယင်းနောက်ပိုင်း နေတိုးထဲသို့ ယူကရိန်းကိုပါ ဆွဲထည့်ရန် ကြိုးစားခြင်းသည် ရုရှားကို မလှုပ်သာ၊ မလှည့်သာ ဖြစ်အောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ပြီးခဲ့သည့်ဖေဖော်ဝါရီလ၌ ပြောကြားခဲ့သည်။

Source: အာရ်တီသတင်းဌာန