CNI International News
ဝါဆော၊ ဇွန်လ ၃
ပိုလန်နိုင်ငံတွင် ပြုလုပ်သည့် သမ္မတရွေးကောက်ပွဲ၌ အမျိုးသားရေးဝါဒီဖြစ်သည့် ကာရိုး နော်ရိုစကီး (Karol Nawrocki) က အနိုင်ရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်မှ ဇွန်လ ၂ ရက်မှာ ကြေညာခဲ့သည်။
နော်ရိုစကီးသည် မဲရလဒ် ၅၁ ရာခိုင်နှုန်းရရှိခဲ့ပြီး မဲရလဒ် ၄၉ ရာခိုင်နှုန်းရရှိခဲ့သည့် ၎င်း၏ ပြိုင်ဘက်ဖြစ်သော ရာဖဲလ် ထရာဇက်စကိုစကီး (Rafal Trzaskowski) ကို ပွတ်ကာသီကာဖြင့် အနိုင်ရသွားခဲ့ခြင်းဖြစ်သည်။
ထိုရွေးကောက်ပွဲသည် အဆင့် ၂ ဆင့်ခွဲပြီး ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒုတိယအကျော့ဖြစ်သည့် နောက်ဆုံး ရွေးကောက်ပွဲတွင် ပါဝင်မဲပေးသူနှုန်း ၇၁ ရာခိုင်နှုန်းရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည်။
သမ္မတရွေးကောက်ပွဲတွင် နော်ရိုစကီး အနိုင်ရရှိမှုသည် ဥရောပလိုလားသည့် ပိုလန်အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက် အနှောင့်အယှက် ဖြစ်လာစေခဲ့သည်။
သမ္မတအဖြစ် ရွေးချယ်ခံရတဲ့ နော်ရိုစကီးကိုတွေ့ရစဉ်
အသက် ၄၂ နှစ်အရွယ် နော်ရိုစကီးသည် ဥရောပအပေါ် အယုံအကြည်မရှိသည့် သမိုင်းပညာရှင် တစ်ဦးဖြစ်ပြီး အိမ်နီးချင်း ယူကရိန်းနိုင်ငံမှ ဝင်ရောက်လာသော ဒုက္ခသည်များ အပါအဝင် ပိုလန်နိုင်ငံသားများကို အကျိုးရှိစေ မည့် စီးပွားရေးနှင့် လူမှုရေးမူဝါဒများ ချမှတ်သွားမည်ဟု ကတိပြုခဲ့သည်။
Law and Justice ပါတီ၏ ထောက်ခံမှုကို ရရှိထားသည့် နော်ရိုစကီးသည် ယခင်သမ္မတ အန်ဒရစ် ဒူဒါ (Andrzej Duda) ၏ မူဝါဒများကို ဆက်လက် ကျင့်သုံးသွားဖွယ်ရှိသည်။
ထိုမူဝါဒများအနက် တရားရေးစနစ် ပြုပြင်ပြောင်းလဲမှု၊ ကိုယ်ဝန်ဖျက်ချမှု တားမြစ်ချက်များကို ဖြေလျှော့လိုသည့် အစိုးရအဖွဲ့၏ အားထုတ်ကြိုးပမ်းမှုများအား တားဆီးပိတ်ပင်သည့် မူဝါဒများ ပါဝင်ခဲ့သည်။
ပိုလန်တွင် လွှတ်တော်က အာဏာအကြီးဆုံး ဖြစ်သော်လည်း သမ္မတကလည်း ဗီတိုအာဏာ အသုံးပြုခွင့်ရှိသည်။
ပိုလန်သမ္မတ ရွေးကောက်ပွဲကို ရုရှား၊ ယူကရိန်း၊ အမေရိကန် အပါအဝင် ဥရောပသမဂ္ဂကလည်း အနီးကပ် စောင့်ကြည့်ခဲ့ကြသည်။
Source: ရိုက်တာ