CNI International News

ဝါဆော၊ ဖေဖော်ဝါရီ ၁၇

ဥရောပနိုင်ငံများသည် ရုရှား၏ ခြိမ်းခြောက်မှုကို တုန့်ပြန်ရာတွင် တပ်ပေါင်းစု စစ်တပ်တစ်ခု ထူထောင်သွားမည် မဟုတ်ကြောင်း ပိုလန်နိုင်ငံခြားရေးဝန်ကြီး ရာဒိုစလော စီကော်စကီး (Radoslaw Sikorski) က ပြောကြားခဲ့ ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ဖေဖော်ဝါရီ ၁၅ ရက် အစောပိုင်းတွင် ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy) က ဥရောပ တပ်မတော် ထူထောင်ရန် တိုက်တွန်းခဲ့သည်။

ဥရောပတိုက်သည် အမေရိကန်၏ အကာအကွယ်ကို ဆက်လက်ရရှိရန် မသေချာတော့သဖြင့် ခိုင်မာသည့် စစ်အင်အား တည်ထောင်မှုသည် အမေရိကန်၏ လေးစားမှု ရရှိလိမ့်မည်ဖြစ်ကြောင်း ဇာလန်းစကီးက ပြောကြားခဲ့ သည်။

စီကော်စကီးကမူ နိုင်ငံပိုင်ရုပ်သံ TVP World နှင့် အင်တာဗျူးတွင် ဥရောပတပ်မတော် ထူထောင်မည့် အလားအလာနှင့် ပတ်သက်ပြီး မေးမြန်းခံခဲ့ရသည်။

“ဒီအသုံးအနှုန်းကို ကျနော်တို့ ဂရုစိုက်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ အခြားလူတွေက နားလည်မှုလွဲနိုင်လို့ပါပဲ” ဟု ဖြေကြားခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးနဲ့ ဂျာမနီဝန်ကြီးချုပ်ကို တွေ့ရစဉ်

“ခင်ဗျားတို့အနေနဲ့ နိုင်ငံတစ်နိုင်ငံချင်းစီက စစ်တပ်တွေကို တပ်ပေါင်းစု တစ်ခုတည်းအဖြစ် ပေါင်းစည်းချင်တယ် ဆိုရင်တော့ ဒါဟာ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဥရောပသမဂ္ဂအနေနဲ့ ကိုယ်ပိုင်ကာကွယ်ရေး စွမ်းဆောင် ရည်ကို ထူထောင်ဖို့ ကျနော် အမြဲပြောခဲ့ဖူးပါတယ်” ဟု စီကော်စကီးက ပြောကြားခဲ့သည်။
လက်ရှိတွင် ဥရောပသမဂ္ဂသည် စစ်ကူပေးသည့် တပ်မဟာတစ်ခု ထူထောင်နေကြောင်းလည်း ၎င်းက ဆိုသည်။

“တကယ်လို့ အမေရိကန်က ကာကွယ်ရေးကဏ္ဍမှာ ကျ‌နော်တို့ကို မြှင့်တင်စေချင်တယ်ဆိုရင် အဲဒါက နိုင်ငံအဆင့် အစိတ်အပိုင်းတစ်ခု၊ နေတိုးအဖွဲ့ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သင့်ပါတယ်။ ဒါပေမယ့် ဥရောပသမဂ္ဂရဲ့ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်လာလိမ့်မယ်လို့ ကျနော် ယုံကြည်ထားပါတယ်” ဟု စီကော်စကီးက ပြောကြားခဲ့သည်။

ယူကရိန်းတွင် ပိုလန်စစ်သားများကို ထားရှိရေးသည် နေတိုးအဖွဲ့ဝင်ဖြစ်သည့် ပိုလန်နိုင်ငံ၏ တာဝန်ဝတ္တရားတစ်ခု ဖြစ်သည်ဟုလည်း စီကော်စကီးက ပြောကြားခဲ့သည်။

Source: ရိုက်တာ