CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၄
ပြင်သစ်ကွင်းလယ်လူ ကန်တီဟာ နွေရာသီမှာ ဥရောပထံ ပြန်လာမယ့် အလားအလာနဲ့ပတ်သက်ပြီး ယူနိုက်တက် အသင်း နည်းပြဟောင်း ဆိုးလ်ရှားနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ချယ်လ်ဆီးနဲ့ လက်စတာအသင်း ကြယ်ပွင့်ဟောင်း ကန်တီဟာ ၂၀၂၃ ခုနှစ် နွေရာသီက ပရီးမီးယားလိဂ်ကနေ ထွက်ခွာပြီး ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။
ပြင်သစ်အသင်းနဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ ကန်တီဟာ ဆော်ဒီမှာ နှစ်ရာသီကြာ ကစားပြီး နောက် ဒီရာသီအကုန်မှာ ဥရောပထံ ပြန်လာချင်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီက တူရကီကလပ် ဘက်ဆစ်တပ်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ဆိုးလ်ရှားဟာ ကန်တီကို လာမယ့် နွေရာသီအသင်းရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတာကြောင့် ကစားသမားနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ တယ်လို့ တူရကီသတင်းတွေမှာ ဖော်ပြထားတာပါ။
ကန်တီကို တွေ့ရစဉ်
ကန်တီဟာ ဆိုးလ်ရှား ယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့ချိန်က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ် လူတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
ကန်တီဟာ ဒီကာလတွေအတွင်းမှာ ပရီးမီးယားလိဂ်၊ ယူရိုပါလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတွေကို ရယူနိုင်ခဲ့တာပါ။
ကန်တီဟာ ဆိုးလ်ရှား ကိုင်တွယ်နေတဲ့ ဘက်ဆစ်တပ်အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပြီး ဥရောပထံ ပြန်လာနိုင်ဖို့အတွက် သူ့ရဲ့လုပ်ခလစာကို လျှော့ယူသွားဖို့တောင် ဆန္ဒရှိနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီ အပြောင်းအရွှေ့က ဝက်စ်ဟမ်းအသင်းဟာ ကန်တီကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပြီး အယ်လ်အစ်တီဟတ်အသင်းနဲ့ သူ့ရဲ့စာချုပ်ထဲမှာပါဝင်တဲ့ စာချုပ်ဖျက်သိမ်းကြေးကိုပေးဖို့ အဆင်သင့်ဖြစ်ခဲ့တာပါ။
ကန်တီဟာ အယ်လ်အစ်တီဟတ်အသင်းအတွက် ပြိုင်ပွဲစုံ ၇၁ ပွဲ ကစားထားပြီး ၇ ဂိုးသွင်းယူထားကာ ဒီရာသီ ဆော်ဒီပရိုလိဂ်နဲ့ ဘုရင့်ဖလား ရယူနိုင်ဖို့ အခွင့်အရေးကောင်းတွေ ရှိနေတာဖြစ်ပါတယ်။
Source: Dailymail