CNI News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၃

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲကို ကြေညာလိုက်ခြင်းသည် ၎င်း၏နိုင်ငံရေးအရ “ဝ” ကို ချနင်းသည့် သဘောဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အတွင်းက “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၏ မူးယစ်ဆေးဝါး ဖြန့်ဖြူးမှုကို တိုက်ဖျက်မည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲအား ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ၂၀၂၅ ခုနှစ်၊ မေလ ၂၇ ရက်တွင် ကြေညာခဲ့သည်။

ထိုင်းနိုင်ငံအတွင်း၌ ဝန်ကြီးချုပ်‌ဟောင်း သက်ဆင်သည် ထောက်ခံမှု ကျဆင်းနေမှုအား ယခုကဲ့သို့ “ဝ”ကို မူးယစ် ဆေးဝါးတိုက်ဖျက်ရေး စစ်ပွဲကြေညာခြင်းဖြင့် ထောက်ခံမှုရရှိရန် ပြန်လည်ကြိုးစားသည့်သဘော ဖြစ်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/ NCA-S)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဝန်ကြီးချုပ်ဟောင်း သက်ဆင်က ထိုင်းမှာ သူ့ရဲ့ထောက်ခံမှု ကျနေတယ်။ ကျနေတဲ့အခါကြတော့ သူ့ရဲ့ ဟိုးအရင် ထောင်ကျရမယ့်ဟာကို ရဲဆေးရုံမှာ အေးဆေးသွားနေရတဲ့ ထောက်ခံစာတွေ ဘာတွေလိုက်တော့ သူနဲ့မတည့်တာက သူ့ကိုအာဏာသိမ်းခဲ့တဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေပေါ့။ ဗိုလ်ချုပ်ကြီး ပရာယွတ်တို့ အဖွဲ့တွေနဲ့ က မတည့်ကြဘူး။ မတည့်ကြတော့ အင်အားပြိုင်ဆိုင်မှု ဖြစ်လာတာပေါ့။ သူ့သမီးဝန်ကြီးချုပ် ဖြစ်တုန်းမှာ  ထိုင်း စစ်ဗိုလ်တွေ၊ ထိုင်းတပ်တွေ မလုပ်နိုင်တဲ့ဟာကို တိုင်းပြည်အန္တရာယ်ရှိနေတယ်။ ဒါကို ထိုင်းတပ်တွေကမလုပ်ဘူး၊ ထိုင်းတပ်တွေက နားလည်မှု ရှိနေတယ်ဆိုပြီးတော့ ထိုင်းတပ်တွေကို local politics ပေါ့ ကိုယ့်ရဲ့ အတွင်းနိုင်ငံရေး အရ “ဝ” ကို ချနင်းမယ့်သဘောပါ။ အဲဒါကြောင့် သူက အဲဒါတွေကို လျှောက်ပြောပြီးတော့ “ဝ” ကို တိုက်မယ်ပြု မယ်၊ ရန်ရှာမယ်ပြောတာက သူ့ကိုထောက်ခံမှုရအောင် ပြန်ကြိုးစားလာတဲ့ သဘောပါတယ်။ နောက်တစ်ဖက် သူ့ရဲ့ အတိုက်အခံ ဗိုလ်ချုပ်ဟောင်းတွေ၊ ဗိုလ်ချုပ်တွေကိုလည်း နင်တို့မလုပ်ဘူး ဟုတ်လားဆိုတဲ့ဟာမျိုး challenge ခေါ်တာမျိုးဖြစ်နေတယ်။ “ဝ” က သူတို့ရဲ့ ပြည်တွင်းနိုင်ငံရေးရဲ့ ရိုက်ခတ်မှုကို “ဝ” က ခံရတာပေါ့။ “ဝ” အဖွဲ့အစည်း အနေနဲ့ကတော့ မူဝါဒက ရှင်းရှင်း ရှိပြီးသားဖြစ်တာကို တချို့ပြဿနာတွေက “ဝ” အဖွဲ့အစည်းနဲ့ တိုက်ရိုက် ဆိုင်၊ မဆိုင်ဆိုတာ ပြောစရာရှိတာပေါ့” ဟု ပြောသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကိုတွေ့ရစဉ်

UWSA သည် ထိုင်းနိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးများ ဝင်ရောက်လာမှုအတွက် တာဝန်ရှိသည်ဟု ဝန်ကြီးချုပ် ဟောင်း သက်ဆင်က စွပ်စွဲခဲ့ကာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် UWSA ကို နှိမ်နှင်းရန် မြန်မာနှင့် မကြာမီ အစီအမံများ ဆွေးနွေးမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်

ထို့ပြင် သက်ဆင်သည် မြန်မာအစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် လာအိုဝန်ကြီးချုပ်တို့ဖြင့် ဆက်ဆံရေး ကောင်းမွန်ကြောင်း ကြွားဝါခဲ့ပြီး ထိုင်းနိုင်ငံသို့ မူးယစ်ဆေးဝါး တင်ပို့မှုရပ်တန့်ရန် ၎င်းတို့၏ ပူးပေါင်း ဆောင်ရွက်မှုကို ရှာဖွေနိုင်ကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း ထိုင်းနိုင်ငံသည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို လွတ်လပ်စွာ ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကာ လက်ရှိတွင် မြန်မာနိုင်ငံအတွင်းရှိ ရှမ်းပြည်နယ်သည် အစိုးရ၏ ထိန်းချုပ်မှု ကင်းမဲ့နေကြောင်း သက်ဆင်က ထောက်ပြခဲ့သည်။

သက်ဆင်၏ ယခုကဲ့သို့ တုံ့ပြန်မှုသည် ၎င်းတို့မှာရှိနေသည့် ပြည်တွင်းပြဿနာများကို အာရုံလွှဲစေရန် “ဝ” ကို မူးယစ်ဆေးဝါး ကိစ္စနှင့်ပတ်သက်၍ ခြိမ်းခြောက်ပြောဆိုမှု လုပ်ဆောင်ခြင်းဖြစ်နိုင်‌ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

“ဝ”တပ်ဖွဲ့ UWSA ခေါင်းဆောင်ကိုတွေ့ရစဉ်

၎င်းက “ကျမ ကြည့်တာလေ တချို့ကိစ္စတွေဘာတွေမှာ သက်ဆင်တို့က ပြည်တွင်းက ပြဿနာတွေကို အာရုံလွှဲ ဖို့များ လုပ်သလားမသိဘူး။ သူတို့ “ဝ”ကို အခုမှ တိုက်ဖို့ခြိမ်းခြောက်တာ မဟုတ်ဘူး။ တိုက်ဖူးတယ် အရင်တုန်း ကတည်းက။ “ဝ”တွေ ထိုင်းနယ်စပ်ကို ရောက်သွားတဲ့အတွက် တိုက်ဖူးတာပဲ။ သူတို့တပ် ဘယ်လိုခံခဲ့ရလဲ သိတာ ပဲ။ အခုခြိမ်းခြောက်ရုံ ခြိမ်းခြောက်တာ။ သူ့ပြည်တွင်းမှာ သက်ဆင်တို့ကိုလည်း တော်တော် မကြိုက်ကြတာတွေ ရှိတယ်လေ ကြည့်ရတာ ထိုင်းပြည်တွင်း နိုင်ငံရေးအရလေ။ သူတို့ကလည်း အဲဒါကို တော်တော်ကောင်းမွန်အောင်၊ တော်တော်ခိုင်မာအောင် လုပ်နေရတာ။ အဲဒီမှာ လူတွေရဲ့အာရုံကို လွှဲဖို့အတွက် မူးယစ်ဆေးဝါးကိစ္စ ဘက်လှည့်ပြီး တော့ “ဝ” ကိုပြောတာပါ။ မတိုက်ပါဘူး” ဟု ပြောသည်။
သက်ဆင်သည် ၂၀၀၃ ခုနှစ်ကလည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲ ကြေညာခဲ့ဖူးကာ ထိုစစ်ဆင်ရေးအတွင်း ဥပဒေမဲ့သတ်ဖြတ်မှု ၂၈၀၀ ကျော်ရှိခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်၊ မေလ ၂၇ ရက်တွင်လည်း မူးယစ်စစ်ပွဲသစ် ထပ်မံ ကြေညာခဲ့သည်။

သက်ဆင်က မူးယစ်ဆေးဝါး ရောင်းဝယ်သူများကို ရှာဖွေရန်အတွက် လူအုပ်စုလိုက် စစ်ဆေးမှုများ ပြုလုပ်ခွင့် ရရှိရန် ၎င်း၏သမီးဖြစ်သူ လက်ရှိဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသည့် ပေတုန်တန်ထံမှ ခွင့်ပြုချက်ရရှိရန် ကြိုးပမ်းသွားမည်ဟုလည်း ပြောဆိုထားသည်။