CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၃၁

ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်း ကာမယ်လာ ဟားရစ် (Kamala Harris) က "အကြွင်းမဲ့အာဏာ" ကို ရယူလိုသည့် ရီပတ်ဘလစ်ကန်ပြိုင်ဘက် ဒေါ်နယ်ထရမ့် (Donald Trump) ၏ လိုအင်ဆန္ဒကို မဲဆန္ဒရှင်များအား သတိပေးခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
အမေရိကန်တွင် သမ္မတရွေးကောက်ပွဲ ပြုလုပ်ရန် ရက်ပိုင်းအလိုဖြစ်သည့် အောက်တိုဘာ ၂၉ ရက်၌ ဟားရစ်က သတိပေးခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဟားရစ်က သွင်းကုန်အပေါ် အခွန်ကောက်ခံမှုများ တိုးမြှင့်မည့် ထရမ့်၏ အစီအစဉ်ကိုလည်း ဝေဖန် ပြောကြားခဲ့သည်။

"ဒီရွေးကောက်ပွဲက မတူညီတဲ့ ကိုယ်စားလှယ်လောင်း ၂ ဦးနဲ့ ပါတီ ၂ ခုအကြား ရွေးချယ်မှု တစ်ခုဆိုတာထက် ပိုပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံသား အားလုံးအတွက် လွတ်လပ်ခွင့် အမြစ်တွယ်နေတဲ့ဘက်နဲ့ ပရမ်းပတာတွေ၊ စိတ်ဝမ်းကွဲပြားမှုတွေက အုပ်ချုပ်မယ့်ဘက် အစရှိတဲ့ ၂ ဘက်အကြား ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်" ဟု ဟားရစ် က ပြောကြားခဲ့သည်။

ဒုသမ္မတ ဟားရစ်သည် အိမ်ဖြူတော် တောင်ဘက်ပန်းခြံတွင် မိနစ် ၃၀ ကြာ မိန့်ခွန်း ပြောကြားခဲ့ချိန်၌ ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

ထိုပန်းခြံသည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်က ထရမ့် ထောက်ခံသူများက အမေရိကန်လွှတ်တော် အဆောက် အအုံကို ဝင်ရောက်မစီးနင်းမီ သမ္မတဟောင်း ထရမ့် မိန့်ခွန်းပြောကြားခဲ့သည့် နေရာဖြစ်သည်။

ဟားရစ်က သူသည် အမေရိကန်နိုင်ငံသားများအတွက် နေ့စဉ် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး လူထုအကြား စိတ်ဝမ်း ကွဲပြားမှုနှင့် အကြောက်တရားများ ရိုက်သွင်းမည့် ထရမ့်၏ အားထုတ်ကြိုးပမ်းမှုများကို ငြင်းပယ်ရန် မဲဆန္ဒရှင် များကို တိုက်တွန်းခဲ့သည်။

"အရိုးသားဆုံး ပြောရမယ်ဆိုရင် ကျမက ပြီးပြည့်စုံတဲ့သူ မဟုတ်ပါဘူး။ ကျမ အမှားတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ကျမ ကတိပေးချင်တာက သင်တို့က ကျမကို မဲမပေးဘူးဆိုရင်တောင်မှ ကျမဟာ သင်တို့ရဲ့ စကားသံတွေကို အမြဲတမ်း နားထောင်သွားမှာပါ။ အမှန်တရားက ခါးပေမယ့် အမှန်တရားကိုပဲ ပြောသွားမှာပါ။ လူထုအကြား စည်းလုံးညီညွတ်စေဖို့ ကျမ နေ့စဉ် ကြိုးစားသွားမှာပါ" ဟု ဟားရစ်က ပြောကြားခဲ့သည်။

အမေရိကန်တွင် အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းအထိ ကြိုတင်မဲပေးသူ အရေအတွက် ၄၆ သန်းအထိ ရှိခဲ့သည်။

ထိုပမာဏသည် မဲဆန္ဒရှင် စုစုပေါင်း၏ ၄ ပုံ ၁ ပုံကျော် ပမာဏဖြစ်ကြောင်း NBS News က ဖော်ပြခဲ့သည်။

Source: SCMP