CNI International News

ဝါဆော၊ မတ်လ ၁၇

ယူကရိန်းအား MiG-29 ဂျက်တိုက်လေယာဉ် တစ်ဒါဇင်ခန့် ပေးအပ်သွားမည့် အစီအစဉ်ကို ပိုလန်နိုင်ငံက ကြာသပတေးနေ့တွင် ထုတ်ဖော်ပြောကြားသွားခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြသည်။

ထို့ကြောင့် ပိုလန်သည် ရုရှား၏ ကျူးကျော်မှုအား ခုခံရေးအတွက် စစ်လေယာဉ်များ တောင်းဆိုထားသော ယူကရိန်းအစိုးရ၏ တောင်းဆိုမှုကို ဖြည့်စည်းပေးသည့် ပထမဆုံးသော နေတိုးအဖွဲ့ဝင် ဖြစ်လာခဲ့သည်။

ပိုလန်အစိုးရသည် လာမည့် ရက်အနည်းငယ်အတွင်း ဆိုဗီယက်ထုတ် စစ်လေယာဉ်များကို လွှဲပြောင်းပေးမည်ဟု သမ္မတ အန်ဒါဇတ် ဒူဒါ (Andrzej Duda)က ပြောသည်။ ကျန်သော လေယာဉ်များကို ပြုပြင်မှု လုပ်ဆောင်ရမည် ဖြစ်ပြီး နောက်ပိုင်းတွင် ထောက်ပံ့သွားမည်ဟုလည်း သိရသည်။

ပိုလန် သမ္မတသည် ယူကရိန်းအား လေယာဉ် ၁၁ စီးမှ ၁၉ စီးကြား ပေးအပ်သွားနိုင်ခြေ ရှိကြောင်း သိရသည်။

လေယာဉ်များသည် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှု နောက်ဆုံးနှစ်များတွင် ရှိနေကြောင်း၊ သို့သော် ယင်းတို့သည် ကောင်းမွန်သော အခြေအနေတွင် ရှိနေကြောင်း ဒူဒါက ပြောသည်။

ဆလိုဗက်ကီးယားကလည်း ၎င်းတို့ အသုံးမပြုတော့သော MiG-29 ဂျက်တိုက်လေယာဉ်များကို ယူကရိန်းသို့ ပေးသွားရန် ပြောဆိုထားသော်လည်း ဒူဒါ၏ ပြောဆိုမှုတွင် မည်သည့် နိုင်ငံများသည် ယူကရိန်းသို့ လေယာဉ်များ ပေးမည်ကို ထုတ်ဖော်ခဲ့ခြင်း မရှိပေ။

MiG-29 ဂျက်တိုက်လေယာဉ်ကိုတွေ့ရစဉ် (GETTY IMAGES)

ပိုလန်သည် ယူကရိန်းအား ဂျာမန်လုပ် Lepord 2 တင့်ကားများ ပေးခဲ့သည့် ပထမဆုံးသော နေတိုးနိုင်ငံလည်း ဖြစ်သည်။ ဗုဒ္ဓဟူးနေ့ ပိုလန် အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပီယိုတာမူလာ၏ ပြောဆိုမှုတွင် တခြားနိုင်ငံများသည် လည်း ယူကရိန်းသို့ MiG-29 ဂျက်တိုက်လေယာဉ်များ ပေးမည်ဟု ပြောဆိုခဲ့ကြောင်း ပါဝင်သော်လည်း မည်သည့် နိုင်ငံများ ဖြစ်သည်ကို မပြောခဲ့ပေ။

ပိုလန်နှင့် စလိုဗက်ကီးယား နှစ်နိုင်ငံစလုံးက ၎င်းတို့၏ လေယာဉ်များကို ယူကရိန်းသို့ ပေးပို့ရန် အဆင်သင့် ဖြစ်နေကြောင်း ပြောခဲ့သော်လည်း ယင်းသည် နိုင်ငံတကာ မဟာမိတ်အဖွဲ့မှ ထိုသို့ ပြုလုပ်ခြင်း၏ အစိတ်အပိုင်း တစ်ခုသာ ဖြစ်သည်။

ပိုလန်အစိုးရ၏ ပြောဆိုမှုက အိမ်နီးချင်း နေတိုးအဖွဲ့ဝင် ဂျာမနီနိုင်ငံအတွက် အံ့သြစရာလည်း ဖြစ်ခဲ့သည်။

လက်ရှိ အချိန်အထိ အားလုံးက ဂျက်တိုက်လေယာဉ်များ ပေးပို့ရန် အချိန်ကောင်း မဟုတ်ဟု သဘောတူထားကြောင်း ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ်ပစ်စတိုးရီးရပ်စ် (Boris Pistorius) က ပြောသည်။

ယခုကိစ္စနှင့် ပတ်သက်၍ ပိုလန်ဘက်မှ အတည်ပြုမှု မရရှိသေးကြောင်းလည်း ၎င်းက ပြောသည်။

 ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ်ပစ်စတိုးရီးရပ်စ်ကိုတွေ့ရစဉ် (GETTY IMAGES)

အိမ်ဖြူတော်ဘက်မှ ပိုလန်၏ ဆုံးဖြတ်ချက်ကို ချီးကျူးကာ ပိုလန်အစိုးရသည် ယူကရိန်းအား ကူညီရေးတွင် ၎င်းတို့ လုပ်နိုင်သည်ထက်ပို၍ ကောင်းမွန်စွာ ဆောင်ရွက်နေသည်ဟု ပြောသော်လည်း ထိုလုပ်ဆောင်ချက်သည် အမေရိကန်သမ္မတနှင့် မည်သို့မှ ပတ်သက်မှု မရှိဟု ဆိုသည်။

သမ္မတဘိုင်ဒန်သည် F-16 လေယာဉ်များ ယူကရိန်းသို့ ထောက်ပံ့ပေးရန် တောင်းဆိုမှုများကို လက်မခံခဲ့သူ ဖြစ်သည်။ ရုရှား၏ ကျူးကျော်မှု မစတင်ခင် ယူကရိန်း၌ MiG-29 လေယာဉ် ဒါဇင်တစ်ချို့ ရှိခဲ့သော်လည်း လက်ရှိ အချိန်တွင် ယင်းတို့မှ မည်မျှသည် လုပ်ငန်းဆောင်ရွက်နိုင်ဆဲ ရှိနေသည်ကိုတော့ မသိရသေးပေ။

Source: AP