CNI International News

ဆိုးလ်၊ မတ်လ ၁၇

မြောက်ကိုရီးယားသည် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) တစ်လုံးအား ကြာသပတေးနေ့တွင် စမ်းသပ် ပစ်ခတ်ခဲ့သည်ဟု AP သတင်းတွင်ဖော်ပြသည်။

တိုကျိုထိပ်သီးအစည်းအဝေးတစ်ခုတွင် တောင်ကိုရီးယားနှင့် ဂျပန်ခေါင်းဆောင်များ တွေ့ဆုံမှုမတိုင်ခင် ထိုသို့ စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး ထိုအစည်းအဝေးတွင်လည်း မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှုများက လွှမ်းမိုး ထားမည်ဟု ယူဆရသည်။

ယခုစမ်းသပ်မှုသည် ယခုလအတွင်း မြောက်ကိုရီးယား၏ ပထမဆုံးသော ICBM စမ်းသပ်မှုဖြစ်ရုံသာမက ယခု သီတင်းပတ်အတွင်း တတိယမြောက်လက်နက်စမ်းသပ်မှုဖြစ်သည်။ ယင်းသည် တောင်ကိုရီးယားနှင့်အမေရိကန် တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှု လုပ်ဆောင်ချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ စမ်းသပ်ခဲ့သောဒုံးကျည်သည် မိနစ် ၇၀ ကြာပျံသန်းချိန်အတွင်း အမြင့်ပေ ၆၀၀၀ ကီလိုမီတာ သို့ ၁၀၀၀ ကီလိုမီတာနှုန်းခန့် ပျံသန်းခဲ့ကြောင်း တောင်ကိုရီးယားနှင့် ဂျပန်ဘက်မှ ပြောသည်။
အဆိုပါ ပမာဏသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလက တခြားသော ICBM စမ်းသပ်မှုတစ်ခုနှင့်လည်း တူညီနေကာ စမ်းသပ်မှုသည် မြောက်ကိုရီးယားဒုံးကျည်များအနေဖြင့် အမေရိကန်မြေပေါ်သို့အထိ ရောက်ရှိနိုင်ကြောင်း ပြသမှု တစ်ခုဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်သည်။ ဒုံးကျည်အား သတ်မှတ်ထားသောလမ်းကြောင်းမှ ပစ်လွှတ် စမ်းသပ်ခဲ့ပြီးနောက် ယင်းသည် ကိုရီးယားကျွန်းဆွယ်နှင့်ဂျပန်နိုင်ငံတို့အကြားရေပြင်သို့ ကျခဲ့သည်။

မတ်လ ၁၆ ရက်နေ့ ကြာသပတေးနေ့တွင် တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု၌ အမေရိကန် စစ်သား များကို တွေ့ရစဉ်(ဓါတ်ပုံ-အေပီ)

စမ်းသပ်မှုကို အထူးစီးပွားရေးဇုံပြင်ပမှပြုလုပ်ခဲ့ခြင်းဖြစ်ကာ ယင်းကြောင့် မည်သည့်ထိခိုက်မှုမှမရှိခဲ့ဟု ဂျပန် ဘက်ကထုတ်ပြန်သည်။ မြောက်ကိုရီးယားသည် ICBM များအတွက် သင့်တော်သောလမ်းကြောင်း သတ်မှတ်ချက် မရရှိသေးသော်လည်း ၎င်းတို့သည်နျူကလီးယားဒုံးကျည်များပိုင်ဆိုင်ထားပြီဟု မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ ရှိသည်။

သို့သော် မြောက်ကိုရီးယားသည် ဒုံးကျည်များတွင် တပ်ဆင်ရန် နျူကလီးယားထိပ်ဖူးအား သေးငယ်အောင် လုပ်ဆောင်ရန်နှင့် လေထုတွင်းသို့ ဝင်ရောက်လာချိန်တွင် ထိပ်ဖူးများကို ကာကွယ်ပေးရန် နည်းပညာအရ လိုအပ်ချက်ရှိနေဆဲဟု တချို့သောကျွမ်းကျင်သူများက သံသယရှိနေဆဲဖြစ်သည်။

အမေရိကန်နိုင်ငံနှင့် မဟာမိတ်များဖြစ်သော တောင်ကိုရီးယား၊ ဂျပန်တို့၏လုံခြုံရေးကို သေချာစေရန် လိုအပ် သောဆောင်ရွက်ချက်များကို လုပ်ဆောင်သွားမည်ဟု အမေရိကန်လုံခြုံရေးကောင်စီပြောခွင့်ရပုဂ္ဂိုလ် အန်ဒရီနီဝပ်ဆန် (Adrienne Watson) က ပြောသည်။

ကြာသပတေးနေ့စမ်းသပ်မှုသည် ဒေသတွင်းလုံခြုံရေးကို မတည်မငြိမ်ဖြစ်စေမှုနှင့် တင်းမာမှုများကို မြင့်တက် စေသည်ဟုလည်း သူမက ပြောသည်။ မြောက်ကိုရီးယားအနေဖြင့် ၎င်းတို့၏ ရန်စသောလုပ်ရပ်များအတွက် ပြန်လည်ပေးဆပ်ရမည်ဟုလည်း တောင်ကိုရီးယား သမ္မတ ယွန်ဆော့ရွဲက ပြောသည်။

Source:AP