CNI International News

ဝါရှင်တန်၊ မတ်လ ၁၇

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဆော်ဒီအားရေးဗျနိုင်ငံသည် အမေရိကန်၊ တရုတ်ကဲ့သို့ ကမ္ဘာ့အင်အားကြီး နိုင်ငံများ နှင့် အရေးပါသော သဘောတူညီချက်များ ရယူနိုင်ခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

ဆော်ဒီသည် အစဉ်အလာပြိုင်ဘက် အီရန်နှင့် သံတမန် ဆက်ဆံရေး ပြန်လည်စတင်ရန် တရုတ်ဘက်မှ ဦးစီး ဆောင်ရွက်ပေးသော သဘောတူညီချက်တွင် လက်မှတ် ရေးထိုးခဲ့ပြီးနောက် အမေရိကန်၏ Boeing ထံမှ စီးပွားရေး လုပ်ငန်းသုံး လေယာဉ်များ ဝယ်ယူရန် စာချုပ်ကို ထုတ်ပြန်ကြေညာခဲ့သည်။

ထိုကြေညာချက်က ဆော်ဒီသည် အမေရိကန်နှင့် တရုတ်တို့အကြား သင့်တင့်မျှတစွာ ဆက်ဆံပြီး ယင်း၏ စီးပွားရေးနှင့် ပထဝီဝင်နိုင်ငံရေး အင်အားလွှမ်းမိုးမှုကို လုပ်ဆောင်နေကြောင်းလည်း ညွှန်းဆိုနေသည်။

ဆော်ဒီသည် အရှေ့အလယ်ပိုင်း နိုင်ငံရေးကဏ္ဍတွင် တရုတ်အား ပုံမှန်မဟုတ်သော ဦးဆောင်သူ နေရာအား ပေးခဲ့ သည်။ တစ်ချိန်တည်းမှာပင် ၎င်း(ဆော်ဒီ)နှင့်အမေရိကန် တို့အကြား တင်းမာမှုများ လျော့ပါးရန် ဆောင်ရွက်နိုင်ခဲ့ ပြီလားဆိုသည့် မေးခွန်းကိုလည်း ဖြစ်စေခဲ့သည်။

Boeing လေယာဉ်စက်ရုံကိုတွေ့ရစဉ်

အမေရိကန်အစိုးရဘက်မှ ထိုအခြေအနေအား ညွှန်းဆိုရတွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများသည် အရှေ့ အလယ်ပိုင်းတွင် အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုအား ပြောင်းလဲသွားစေခဲ့သည်ဆိုသည့် ပြောဆိုချက်အပေါ် ငြင်း ဆိုမှု ပြုလုပ်ခဲ့သည်။

လေယာဉ် အများအပြား ဝယ်ယူမှုကြောင့် အမေရိကန်နှင့် ဆော်ဒီတို့အကြား ဆက်ဆံရေးတွင် သိသိသာသာ ပြောင်းလဲသွားသည်ဆိုသည့် ပြောစကားများကိုလည်း အမေရိကန်အစိုးရဘက်က လက်မခံပါ။

အမေရိကန်သမ္မတ ဘိုင်ဒန်(Biden)သည် ဆော်ဒီ၏ လူ့အခွင့်အရေး မှတ်တမ်းများကို ၎င်း၏ သမ္မတသက်တမ်း အစောပိုင်းတွင် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သလို ပြီးခဲ့သည့်နှစ် ဆော်ဒီဦးဆောင်သော OPEC နိုင်ငံများ၏ ရေနံ ဈေးကစားမှုကိုလည်း တုန့်ပြန်မှု လုပ်ဆောင်ထားသည်။

သို့သော် အီရန်-ဆော်ဒီ သံတမန်ဆက်ဆံရေး ပြန်လည်စတင်မှုတွင် တရုတ်၏ ပါဝင်မှု၊ Boeing လေယာဉ် အများအပြား ဝယ်ယူမှု စသည်တို့သည် ဘိုင်ဒန်နှင့် ဆော်ဒီ အိမ်ရှေ့စံမင်းသား မိုဟာမက် ဘင်ဆယ်လ်မန်တို့ အကြား အတက်အကျ များသော ဆက်ဆံရေးတွင် အလှည့်အပြောင်း အသစ်တစ်ခုကို ဖြစ်စေသည်။

ဘိုင်ဒန်နဲ့ ဆော်ဒီမင်းသားကိုတွေ့ရစဉ်

သမ္မတလောင်း အနေဖြင့် ဘိုင်ဒန်သည် ဆော်ဒီ၏ ၂၀၁၈ ခုနှစ်က အမေရိကန် သတင်းသမား တစ်ဦးအား သတ် ဖြတ်မှုအတွက် ပြန်လည် ပေးဆပ်ရမည်ဟု ပြောဆိုခဲ့သည်။ မကြာသေးခင်ကာလ OPEC နိုင်ငံများက ရေနံထုတ် လုပ်မှုကို လျော့ချလိုက်သည်ဟု ကြေညာချက်ကိုလည်း အမေရိကန်အစိုးရက ရုရှားအား ကူညီမှုဟု ယူဆကာ ထိုအတွက် အကျိုးဆက်များကို ခံစားစေရမည်ဟု ဘိုင်ဒန်က ပြောခဲ့ဖူးသည်။

လက်ရှိအချိန်တွင် အမေရိကန်နှင့် ဆော်ဒီတို့သည် ရှေ့သို့ဆက်သွားရန် ရည်ရွယ်ထားပုံရကာ တစ်ချိန်တည်းမှာပင် တရုတ်သည်လည်း အရှေ့အလယ်ပိုင်း၏ သံတမန်ရေးရာ ကိစ္စများတွင် ပို၍ နေရာယူလာသည်ကို တွေ့ရသည်။

Source: AP