CNI International News

ပရပ်၊ မတ်လ ၁၈

ယူကရိန်းသို့ ဆိုဗီယက်ခေတ် လက်ကျန် MiG-29 ဂျက်တိုက်လေယာဉ် ၁၃ စင်း ထောက်ပံ့ပေးရန် အစီအစဉ်အား ဆလိုဗက်ကီးယားအစိုးရက သောကြာနေ့တွင် အတည်ပြုခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

ထို့ကြောင့် ဆလိုဗက်ကီးယားသည် ရုရှားကျူးကျော်စစ်အား ခုခံရေးအတွက် စစ်လေယာဉ်များ ကူညီပေးရန် ယူကရိန်းအစိုးရ၏ တောင်းဆိုမှုအား တုန့်ပြန်သော ဒုတိယမြောက် နေတိုးအဖွဲ့ဝင် နိုင်ငံဖြစ်လာခဲ့သည်။

အစိုးရ၏ ဆုံးဖြတ်ချက်သည် သမိုင်းမှတ်တမ်းတွင် မှန်ကန်သောဘက်မှ ရပ်တည်နိုင်ရန်အတွက် ဖြစ်သည်ဟု ဆလိုဗက်ကီးယားဝန်ကြီးချုပ် အက်ဒွပ်ဟီဂါ (Eduard Heger)က သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့သည်။

ယူကရိန်းအတွက် သာမက ဥရောပတိုက်တစ်ခုလုံးကို ရုရှားရန်မှ ကာကွယ်ရန်အတွက် စစ်ရေးအကူအညီများသည် အရေးပါဆုံးဖြစ်ကြောင်းလည်း ဟီဂါကတွစ်တာတွင် ရေးသားခဲ့သည်။

ယူကရိန်းအား MiG-29 လေယာဉ် ၁၂ စင်းခန့် ပေးအပ်သွားမည်ဟု ပိုလန်က ကြာသပတေးနေ့တွင် ကြေညာခဲ့သည်။

ဆလိုဗက်ကီးယားက ယူကရိန်းကို ပေးမယ့် MiG-29 တိုက်လေယာဉ်များကိုတွေ့ရစဉ်

လေယာဉ် လေးစင်းကို လာမည့်ရက်များအတွင်း ပေးပို့သွားနိုင်မည်ဟုလည်း ယူဆရသည်။ ပိုလန်နှင့် ဆလိုဗက် ကီးယား နှစ်နိုင်ငံစလုံးသည် ၎င်းတို့အနေဖြင့် ယူကရိန်းသို့ လေယာဉ်များပေးရန် အဆင့်သင့် ရှိသော်လည်း ယင်းသည် နိုင်ငံတကာ ညွှန့်ပေါင်းအဖွဲ့၏ လုပ်ဆောင်မှု အစိတ်အပိုင်းတစ်ခုသာ ဖြစ်လိမ့်မည်ဟု ပြောခဲ့သည်။

ဆလိုဗက်ကီးယားအစိုးရ၏ ဆုံးဖြတ်ချက်သည် ပိုလန်၊ ယူကရိန်းအပြင် တခြားမဟာမိတ်များနှင့် အနီးကပ် ပူးပေါင်း ဆောင်ရွက်ရန် ချမှတ်ခဲ့သည်ဟု ဟီဂါက ပြောသည်။

ယခုကဲ့သို့ ယူကရိန်းအား လေယာဉ်များပေးရန် ကတိကဝတ်များသည် နေတိုးအဖွဲ့ဝင် နိုင်ငံများအနေဖြင့် ယူကရိန်းပဋိပက္ခတွင် တိုက်ရိုက် ပါဝင်ပတ်သက်မှု မြင့်တက်လာနေကြောင်း နောက်ထပ် ဥပမာတစ်ခုပင် ဖြစ်သည်ဟု ရုရှားအစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပတ်စ်ကော့ဗ် (Dmitry Peskov) က ပြောသည်။

 ရုရှားအစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပတ်စ်ကော့ဗ်ကိုတွေ့ရစဉ်

ဆလိုဗက်ကီးယားသည် ယူကရိန်းသို့ လေယာဉ်များ ပေးခြင်းအတွက် အပြန်အလှန် အနေဖြင့် ဥရောပသမဂ္ဂထံမှ လျော်ကြေး ယူရိုသန်း ၂၀၀ အပြင် အမေရိကန်ထံမှ အတည် မပြုနိုင်သေးသော ယူရိုသန်း ၇၀၀ တန်ဖိုးရှိ လက်နက်များကို ရရှိသွားမည်ဟု ဆလိုဗက်ကီးယား ကာကွယ်ရေးဝန်ကြီး ဂျာရိုဆလပ်ဗ်နတ် (Jaroslav Nad) က ပြောသည်။

ယူကရိန်းသမ္မတသည် ၎င်းတို့ စစ်တပ်အား ဂျက်တိုက်လေယာဉ်များ ထောက်ပံ့ပေးရေး အနောက်အုပ်စုမဟာ မိတ်များထံ ထပ်ခါထပ်ခါ တောင်းဆိုထားသော်လည်း ထိုသို့ ကူညီပေးခြင်းက နေတိုးအဖွဲ့၏ ပဋိပက္ခအတွင်း ပါ ဝင်ပတ်သက်မှုကို မြင့်တက်စေခြင်းကြောင့် နေတိုးအဖွဲ့က ငြင်းဆိုထားခြင်း ဖြစ်သည်။

Source: AP