CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀

နိုင်ငံတကာအိုလံပစ်ကော်မတီ(IOC) ဥက္ကဋ္ဌ သောမတ်စ်ဘတ်ချ်က ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေ ပါဝင်မှုနဲ့ ပတ်သက်ပြီး ၂၀၂၄ အိုလံပစ်ပြိုင်ပွဲကို သပိတ်မှောက်ဖို့ ခြိမ်းခြောက်နေတဲ့ ယူကရိန်းအနေနဲ့ ဒါကို ရုပ်သိမ်းပေးဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။

သောမတ်စ်ဘတ်ချ်က “၂၀၂၄ အိုလံပစ်မှာ ရုရှား ဒါမှမဟုတ် ဘယ်လာရုစ် နိုင်ငံကူးလက်မှတ်နဲ့ ကြားနေ အား ကစားသမားတွေရဲ့ ပါဝင်မှုကို တိကျတဲ့ စကားလုံးတွေနဲ့တောင် မဆွေးနွေးရသေးပါဘူး။ ဒါကြောင့် နိုင်ငံတကာ အဖွဲ့ချုပ်တွေ၊ အိုလံပစ်အဖွဲ့ဝင်တွေနဲ့ အနာဂတ်အိုလံပစ် အိမ်ရှင်တွေထံ သူတို့ရဲ့ ဆုံးဖြတ်ချက် ချခြင်းကို ဖိအား ပေးပြီး လွှမ်းမိုးဖို့ ကြိုးပမ်းနေတာကို ရိပ်မိပါတယ်။ ဒါဟာ အလွန်ဝမ်းနည်းဖို့ ကောင်းပါတယ်။ အိုလံပစ် ပဋိညာဉ် စာတမ်းရဲ့အခြေခံမူတွေကို လိုက်နာဖို့က အမျိုးသားအိုလံပစ်ကော်မတီတွေရဲ့ တာဝန်ဖြစ်တယ်”လို့ ပြောခဲ့တာပါ။

နိုင်ငံတကာအိုလံပစ်ကော်မတီဟာ လာမယ့် အိုလံပစ်ပြိုင်ပွဲမှာ ကြားနေအဖြစ် ယှဉ်ပြိုင်နိုင်ဖို့ တံခါးဖွင့်ပေးပြီး နောက် ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို ပိတ်ပင်ဖို့အတွက် နိုင်ငံတကာရဲ့ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုကိုရဖို့ ယူကရိန်းက မျှော်လင့်နေတာ ဖြစ်ပါတယ်။

ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေဟာ ရုရှားက ယူကရိန်းကို ကျူးကျော်ပြီး ကတည်းက နိုင်ငံတကာ အားကစားပြိုင်ပွဲ အများအပြားကနေ ပိတ်ပင်ခံခဲ့ရတာပါ။

 ပဲရစ် အိုလံပစ် ပွဲတော် ကျင်းပရေး ပြင်ဆင်နေစဉ်(GETTY IMAGES)

ယူကရိန်းသမ္မတ ဇာလန်းစကီးကတော့ အိုလံပစ်ပြိုင်ပွဲကနေ ရုရှားကို ပိတ်ပင်ဖို့ IOC ကို တိုက်တွန်းထားပြီး နော်ဒစ်နဲ့ ဘောလ်တစ်ဒေသရှိ အိုလံပစ်အဖွဲ့တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ယူကရိန်းကို ထောက်ခံ ထားတာ ဖြစ်ပါတယ်။

IOC ကတော့ သပိတ်မှောက်တာဟာ အိုလံပစ်ပဋိညာဉ်ကို ချိုးဖောက်ရာ ရောက်ကြောင်း၊ ရုရှားနဲ့ ဘယ်လာရုစ် ပါဝင်တာဟာ အိုလံပစ်လှုပ်ရှားမှုအတွင်း ခွဲခြားမှုကို ဆန့်ကျင်တဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အပေါ် အခြေခံတယ် လို့ ပြောခဲ့တာပါ။

နိုင်ငံတကာအိုလံပစ်ကော်မတီဟာ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို အာရှခြေစစ်ပွဲတွေကနေ အိုလံပစ်ပြိုင်ပွဲကို ဝင်ခွင့်ရဖို့အတွက် အလံ ဒါမှမဟုတ် နိုင်ငံတော်သီချင်း မပါဝင်ဘဲ ကြားနေအဖြစ် ယှဉ်ပြိုင်ဖို့ ပြီးခဲ့တဲ့လက ကြေညာခဲ့တာ ဖြစ်ပါတယ်။

ပဲရစ်အိုလံပစ်ပြိုင်ပွဲရဲ့ ပွဲစီစဉ်သူတွေကတော့ နိုင်ငံတကာ အိုလံပစ် ကော်မတီရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာမယ်လို့ ပြောထားပါတယ်။

Source: CNA