CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၆

ယူကရိန်းအစိုးရဟာ သူတို့ရဲ့ အားကစားသမားတွေကို ရုရှား ဒါမှမဟုတ် ဘယ်လာရုစ်နဲ့ ယှဉ်ပြိုင်ခဲ့မယ်ဆိုရင် အမျိုးသားအဆင့် အဖွဲ့ချုပ်တွေကနေ ဖယ်ရှားသွားမယ်လို့ ပြောခဲ့တဲ့အပေါ် ဆန့်ကျင်ကန့်ကွက် သွားမယ်လို့ နိုင်ငံတကာ အိုလံပစ်ကော်မတီ(IOC) က ပြောပါတယ်။

နိုင်ငံတကာအိုလံပစ်ကော်မတီက “ဒီလို ဆုံးဖြတ်ချက်မျိုးက ယူကရိန်း အားကစား အသိုက်အဝန်းနဲ့ အမျိုးသား အားကစား အဖွဲ့ချုပ်တွေကိုပဲ ထိခိုက်နစ်နာစေမှာပါ။ ကမ္ဘာက ရပ်တန့်ချင်တဲ့ စစ်ပွဲကို ဘယ်လိုမှ သက်ရောက်မှု ရှိမှာ မဟုတ်သလို IOC ကလည်း ဒါကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်”လို့ အွန်လိုင်းပေါ်မှာ တင်ထားတဲ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။

နိုင်ငံတကာအိုလံပစ်ကော်မတီဟာ ရုရှားက ယူကရိန်းကျူးကျော်မှု ပြုလုပ်ပြီးနောက် ရုရှားနဲ့ ဘယ်လာရုစ်ကို ပိတ်ပင် အရေးယူမှုတွေ ပြုလုပ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ အပတ်မှာတော့ ဒီနှစ်နိုင်ငံက အားကစားသမားတွေကို နိုင်ငံတကာပြိုင်ပွဲတွေမှာ ကြားနေအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပြုဖို့ အကြံပြုထားပါတယ်။

ယူကရိန်းအစိုးရဟာ သူတို့ရဲ့ အားကစားသမားတွေကို ရုရှား ဒါမှမဟုတ် ဘယ်လာရုစ် အားကစားသမားတွေနဲ့ နိုင်ငံတကာစင်မြင့်ပေါ်မှာ ယှဉ်ပြိုင်မယ်ဆိုရင် သူတို့အဖွဲ့ချုပ်တွေရဲ့ ရပ်တည်မှုတွေဟာ ဆုံးရှုံးရလိမ့်မယ်လို့ ပြောခဲ့တာပါ။

အိုလံပစ်ပွဲတော်ကိုတွေ့ရစဉ်

အဲဒါကြောင့် နိုင်ငံတကာ အိုလံပစ်ကော်မတီက ယူကရိန်းအစိုးရရဲ့ ပြောဆိုမှုကို တုန့်ပြန်လာခဲ့သလို ယူကရိန်း အားကစားအဖွဲ့ချုပ်တွေနဲ့ ပတ်သက်ပြီး လေးနက်တဲ့ မေးခွန်းတွေဟာ မြင့်တက်လာခဲ့တယ်လို့လည်း ပြောခဲ့ပါ တယ်။

ယူကရိန်း ဘက်ကတော့ ရုရှား အားကစားသမားတွေသာ ပါဝင်ခဲ့မယ်ဆိုရင် ၂၀၂၄ ပဲရစ် အိုလံပစ်ပြိုင်ပွဲမှာ သူတို့ အားကစားသမားတွေကို ယှဉ်ပြိုင်ခွင့်မပြုဖို့ အရင်က ဆုံးဖြတ်ချက် ချထားတာပါ။

ရုရှား အားကစားသမားတွေကို အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ခွင့်ပြုရင် ဒီပြိုင်ပွဲကို သပိတ်မှောက်မယ်လို့ ယူကရိန်းက ခြိမ်းခြောက်ထားပေမယ့် နိုင်ငံတကာအိုလံပစ်ကော်မတီကတော့ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေ ပါဝင်မှာနဲ့ ပတ်သက်ပြီး သီးခြား ဆုံးဖြတ်ချက် တစ်ခုကို နောက်ပိုင်းမှာ ချမှတ်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

Source: CNA