CNI International News

ဆိုးလ်၊ ဧပြီ ၃

ယူကရိန်းသည် နျူကလီးယား လက်နက်ရရှိရန် တောင်းဆိုမှု လုပ်ဆောင်နေသည်ဟု မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်(Kim Jong Un)၏ ညီမဖြစ်သူ ကင်မ်ယိုဂျုံ (Kim Yo Jong) က စနေနေ့တွင် စွပ်စွဲခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းတွင် ဖော်ပြသည်။

ကင်မ်ယိုဂျုံသည် ယူကရိန်းရှိ အွန်လိုင်း အသနားခံစာ တစ်ခုကို ထောက်ပြ၍ ထိုသို့ စွပ်စွဲမှု လုပ်ဆောင်ခဲ့ခြင်း ဖြစ် သည်။

ထိုကဲ့သို့သော အသနားခံစာ ဖန်တီးခြင်းသည် ယူကရိန်းသမ္မတ ဇာလန်းစကီး(Volodymyr Zelenskiy) အစိုးရ၏ နိုင်ငံရေးအရ လှည့်ကွက်တစ်ခု ဖြစ်နိုင်သည်ဟု ကင်မ်ယိုဂျုံက ပြောခဲ့သော်လည်း စွပ်စွဲမှုနှင့် ပတ်သက်သည့် သက်သေ တစ်စုံတစ်ရာကိုတော့ ပြောခဲ့ခြင်းမရှိပေ။

ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) က ဘယ်လာရုစ်တွင် မဟာဗျူဟာမြောက် နျူကလီးယား လက်နက်များ ဖြန့်ကျက်ရန် အဆောက်အဦးများ တည်ဆောက်သွားမည်ဟု ပြီးခဲ့သည့် သီတင်းပတ်တွင် ကြေညာ ခဲ့သည်။

ဇာလန်းစကီးနဲ့ ဘိုင်ဒန်ကိုတွေ့ရစဉ်

ထိုကြေညာချက် ထွက်ပေါ်လာခဲ့ပြီးနောက် ယူကရိန်းနယ်မြေတွင် နျူကလီးယား လက်နက်များကို လက်ခံထား ရန် သို့မဟုတ် ကိုယ်ပိုင် နျူကလီးယား လက်နက်များ တပ်ဆင်ရန် တောင်းဆိုမှုတစ်ခု ယူကရိန်းသမ္မတရုံး ဝက်ဘ်ဆိုဒ်တွင် ပေါ်ထွက်လာခဲ့သည်။

စနေနေ့ နေ့လယ်ပိုင်းအထိ ယင်းတွင် ပါဝင် လက်မှတ်ရေးထိုးသူ ၆၁၁ ဦးသာ ရှိခဲ့သည်။ ယင်းက သမ္မတ၏ တုန့်ပြန်မှုကို ရရှိရန် လိုအပ်သည့် လက်မှတ်ပေါင်း ၂၅၀၀၀ ထက် များစွာနည်းပါးသည်။

လက်ရှိအချိန်အထိ ယူကရိန်းအရာရှိများဘက်မှ အဆိုပါ အသနားခံမှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေး ပြောဆိုထားခြင်း မရှိသေးပေ။

မြောက်ကိုရီးယားသည် ရုရှားနည်းတူ အနောက်အုပ်စု၏ ဖယ်ကျဉ်မှုကို ရင်ဆိုင်နေရကာ ရုရှားနှင့်နီးကပ်သော ဆက်ဆံရေးကို ပိုင်ဆိုင်ထားသည်။ မြောက်ကိုရီးယားသည် ရုရှား၏ ယူကရိန်းအပေါ် ကျူးကျော်မှုများကို အစဉ်တစ်စိုက်ထောက်ခံခဲ့သူ ဖြစ်သော်လည်း ယင်းသို့ လက်နက်များ ထောက်ပံ့ခြင်း မရှိဟု ငြင်းဆိုထားသည်။

Source: Reuters