CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၁၄

လာမယ့်နှစ် အိုလံပစ်ပြိုင်ပွဲမှာ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အဆိုပြုထားတဲ့ လမ်းကြောင်းနဲ့ ပတ်သက်ပြီး စပွန်ဆာတွေကို ဆန့်ကျင်ဖို့ ကြိုးပမ်းခဲ့တဲ့ ဗြိတိန်အစိုးရကို အားကစားရဲ့ လုပ်ပိုင်ခွင့်ကို လေးစားဖို့ အိုလံပစ် အကြီးအကဲတွေက ပြောခဲ့ပါတယ်။

နိုင်ငံတကာ အိုလံပစ်ကော်မတီ(IOC)က “နိုင်ငံတကာပြိုင်ပွဲတွေမှာ ဘယ်အားကစားသမားတွေ ပါဝင်နိုင်မလဲဆိုတာကို အစိုးရက ဆုံးဖြတ်တာ မဟုတ်ပါဘူး။ ဒါက ဒီနေ့မှာ ကျနော်တို့ အားလုံးသိထားတဲ့အတိုင်း ကမ္ဘာ့အားကစား ပြိုင်ပွဲရဲ့ အဆုံးသတ် ဖြစ်သွားပါလိမ့်မယ်။ ဗြိတိန် အစိုးရအနေနဲ့ အားကစားရဲ့ လုပ်ပိုင်ခွင့်ကို လေးစားမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ အားကစားအဖွဲ့တွေရဲ့ အရည်အချင်းပေါ် မူတည်ပြီး နိုင်ငံတကာပွဲတွေမှာ ဘယ် အားကစားသမားတွေ ပါဝင်နိုင်မလဲဆိုတာကို ဆုံးဖြတ်ဖို့က အားကစား အဖွဲ့အစည်းတွေရဲ့ တာဝန်ပါ။ ဒီလို ပဲ အိုလံပစ် စပွန်ဆာတွေကလည်း ဒီဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်တွေမှာ မပါဝင်ဘူး”လို့ တနင်္လာနေ့က ပြောခဲ့တာပါ။

ဗြိတိန်ယဉ်ကျေးမှု အတွင်းဝန် လူဆီဖရေဆာဟာ ပြီးခဲ့တဲ့အပတ်က အိုလံပစ်ရဲ့ အကြီးမားဆုံး စပွန်ဆာ ၁၃ ခုထံ စာရေးသားပြီး နိုင်ငံတကာ အိုလံပစ်ကော်မတီ အဆိုပြုထားတဲ့ အရာကို စွန့်လွှတ်ဖို့ ဖိအားပေးခိုင်းခဲ့တာ ဖြစ်ပါ တယ်။ IOC ဟာ ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်မပြုဖို့ ပိတ်ပင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အိုလံပစ်ပွဲတော်မှာ ရုရှားအလံကိုတွေ့ရစဉ်

ဒါပေမယ့် စစ်အေးခေတ်က သပိတ်မှောက်မှုတွေ ပြန်ဖြစ်မှာကို စိုးရိမ်တဲ့အတွက် ဒီအားကစားသမားတွေကို အိုလံပစ် ပြိုင်ပွဲကနေ ထုတ်ပယ်ဖို့ တွန့်ဆုတ်မှုတွေ ရှိနေတာပါ။

အဲဒါကြောင့် ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို အာရှကနေ ခြေစစ်ပွဲ၊ လက်ရည်စစ်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ဖို့နဲ့ ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ကြားနေအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ဖို့အတွက် ဇန်နဝါရီလက လမ်းကြောင်း တစ်ခု ချမှတ်ခဲ့ပါတယ်။

ကြားနေအဖြစ် သတ်မှတ်တာဟာ နိုင်ငံကိုယ်စားပြုခွင့်ရမှာမဟုတ်သလို နိုင်ငံတော်သီချင်း သီဆိုတာနဲ့ အလံ တွေကို လွှင့်တင်လို့ရမှာ မဟုတ်ပါဘူး။ ယူကရိန်းကတော့ အဲဒီ နှစ်နိုင်ငံက အားကစားသမားတွေကို ယှဉ်ပြိုင်ခွင့်ပြုရင် ပဲရစ်အိုလံပစ်ပြိုင်ပွဲကို သပိတ်မှောက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

Source: CNA