CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၄

ဗြိတိန်အစိုးရက ကလပ်ရဲ့ အထူးလိုင်စင်တွေကို ပြောင်းလဲပြင်ဆင်ပြီးနောက် အမျိုးသမီး အသင်းပွဲစဉ်တွေ အပါအဝင် အဝေးကွင်းပွဲတွေနဲ့ ဖလားပွဲတွေမှာ ချယ်လ်ဆီး အသင်းကို လက်မှတ်တွေ ရောင်းချခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ကို ဗြိတိန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ခဲ့တဲ့ အစိတ်အပိုင်းအနေနဲ့ ချယ်လ်ဆီး အသင်းဟာ လက်မှတ်တွေ ရောင်းချလို့ မရတော့တာပါ။

ပြောင်းလဲလိုက်တဲ့ လိုင်စင်အရ လက်မှတ်ရောင်းချတာကနေ ရရှိတဲ့ ငွေတွေဟာ ပရီးမီးယားလိဂ်ကို တိုက်ရိုက်ရောက်ရှိမှာ ဖြစ်ပါတယ်။ပရီးမီးယားလိဂ်က ဒါကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေထံ ပြန်လည်ဖြန့်ဝေပေးသွားမှာပါ။

အဲ့ဒါကြောင့် ချယ်လ်ဆီးအသင်းဟာ ဧပြီလ ၆ ရက်မှာ ကစားမယ့် ရီးရယ်လ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အိမ်ကွင်း ပွဲစဉ်၊ ဧပြီလ ၁၆ ရက် ဝင်ဘာလေမှာ ကစားမယ့် ပဲလေ့စ်အသင်းနဲ့ အက်ဖ်အေဖလား အကြိုဗိုလ်လုပွဲတွေမှာ လက်မှတ်တွေကို ရောင်းချခွင့် ရသွားပြီဖြစ်ပါတယ်။

အဝေးကွင်း ပရိသတ်တွေဟာ ပရီးမီးယားလိဂ်ပွဲစဉ်အတွက် လက်မှတ်တွေကို စတမ်းဖို့ဘရစ်ချ်မှာ ဝယ်ယူနိုင်မှာဖြစ်ပြီး ငွေတွေကတော့ ပရီးမီးယားလိဂ်ကို ရောက်ရှိသွားမှာပါ။

ချယ်လ်ဆီးအသင်း ပရိသတ်များကို တွေ့ရစဉ်(Sky News)

ချယ်လ်ဆီး အမျိုးသမီးအသင်းဟာ ဧပြီလ ၃ ရက်မှာ ရီးဒင်းအသင်းနဲ့ အမျိုးသမီး စူပါလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲက စတင်ကာ လက်မှတ်တွေကို ရောင်းချလို့ရပြီ ဖြစ်ပါတယ်။

အားကစားဝန်ကြီး ဟက်ဒဲလ်စတန်က “ဒါတွေကို လုပ်ဆောင်ဖို့ ဘောလုံးအာဏာပိုင်တွေနဲ့ စေ့စပ်မှုတွေ လုပ်ဆောင်နေချိန် မှာ စိတ်ရှည်သည်းခံခဲ့တဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ အေဘရာမိုဗစ်ချ်ကို ဒဏ်ခတ်ပိတ်ဆို့ပြီး ကတည်းက ကျနော်တို့ဟာ ကလပ်အသင်း ဘောလုံးဆက်ကစားနိုင်စေဖို့ သေချာမှုရှိအောင် အကျယ်တဝင့် လုပ်ဆောင်ခဲ့ တယ်”လို့ ပြောခဲ့တာပါ။

ချယ်လ်ဆီး အသင်းရဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်တွေကိုတော့ တစ်ရာသီစာ လက်မှတ် ကိုင်ဆောင်ထားတဲ့ သူတွေနဲ့ ဒဏ်ခတ် မပိတ်ဆို့ခင် လက်မှတ် ဝယ်ယူထားတဲ့သူတွေသာ တက်ရောက်ကြည့်ရှုနိုင်မှာပါ။ ချယ်လ်ဆီး ပရိသတ်တွေဟာ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ်အတွက်တော့ လက်မှတ်တွေကို ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ချယ်လ်ဆီး အသင်းကို ရောင်းချဖို့ အစိုးရက စီစဉ်ထားပြီး ဝယ်ယူချင်တဲ့သူတွေ အများအပြား ရှိနေတာ ဖြစ်ပါတယ်။

Sourcr: BBC