CNI Sport News
၂၀၂၂ ခုနှစ်၊ မတ်လ ၂၄
ရုရှားနိုင်ငံဟာ ယူရို(၂၀၂၈) ဒါမှမဟုတ် ယူရို(၂၀၃၂) ပြိုင်ပွဲကို အိမ်ရှင်အဖြစ်ပြုလုပ်ဖို့ စိတ်ဝင်စားတယ်လို့ နိုင်ငံရဲ့ ဘောလုံးအဖွဲ့ချုပ်က ပြောဆိုလိုက်ပါတယ်။
ယူကရိန်းကို ကျုးကျော်ပြီးကတည်းက ရုရှားကလပ်တွေနဲ့ နိုင်ငံအသင်းတွေကို ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့က ပြိုင်ပွဲယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားတာပါ။
ရုရှားဘောလုံးအဖွဲ့ချုပ်က ဒီလိုပိတ်ပင်ထားမှုအပေါ် အားကစားခုံရုံးကို အယူခံဝင်ခဲ့ပေမယ့် ပယ်ချခံထားရတာဖြစ်ပါတယ်။ အဲဒီလို အခြေအနေတွေကြားထဲကမှ ယူရိုပြိုင်ပွဲကို အိမ်ရှင် အဖြစ် ပြုလုပ်ဖို့ စိတ်ဝင်စားနေတာလည်း ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ အမှုဆောင်ကော်မတီ အစည်း အဝေးမှာ ယူရို(၂၀၂၈) ဒါမှမဟုတ် ယူရို (၂၀၃၂)ပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် စိတ်ဝင်စားကြောင်း ကြေညာဖို့ ထောက်ခံခဲ့တာဖြစ်ပါတယ်။
ယူရို(၂၀၂၈)ပြိုင်ပွဲကို အိမ်ရှင်အဖြစ်ကျင်းပဖို့ အင်္ဂလန်၊မြောက်အိုင်ယာလန်၊စကော့တလန်၊ဝေးလ်စ်နဲ့ အိုင်ယာလန်တို့က ပူးတွဲအိမ်ရှင်အဖြစ် ပြုလုပ်ဖို့ လျှောက်ထားကြသလို၊ အခု ရုရှားနဲ့ တူရကီတို့ကလည်း လျှောက်ထားကြတာလည်း ဖြစ်ပါတယ်။ ရုရှားနိုင်ငံဟာ ပြီးခဲ့တဲ့ (၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပေမယ့် ယူကရိန်းကို ကျုးကျော်မှုကြောင့် နိုင်ငံတကာ အားကစားအသိုင်းအဝန်းကနေ ဖယ်ကျဉ်ခြင်းကို ခံခဲ့ရတာပါ။
ယူအီးအက်ဖ်အေ ဟာ အခုနှစ်ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မှာ ကျင်းပဖို့ သတ်မှတ် ထားပေမယ့် ဒီအဖြစ်အပျက်တွေကြောင့် ကျင်းပခွင့်ရုပ်သိမ်းခဲ့ပြီး ပြင်သစ်နိုင်ငံ ပဲရစ်မှာ ပြောင်းလဲကျင်းပဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ယူရို(၂၀၃၂)ပြိုင်ပွဲကိုတော့ ရုရှားအပါအဝင် အိမ်ရှင်အဖြစ်လျှောက်ထားတဲ့ နိုင်ငံ(၃)နိုင်ငံရှိပါတယ်။ အဲဒီနိုင်ငံ တွေကတော့ အီတလီနဲ့ တူရကီတို့ပါ။ အဲဒါကြောင့် ရုရှားဟာ ယူရို(၂၀၂၈) မှာ အိမ်ရှင်ဖြစ်ဖို့အတွက် ဗြိတိန်နိုင်ငံ တွေနဲ့ အဓိကယှဉ်ပြိုင်ရမှာဖြစ်ပြီး ယူရို(၂၀၃၂)မှာတော့ အီတလီနဲ့ ပြိုင်ဆိုင်ရဖို့ ရှိနေတာဖြစ်ပါတယ်။
Source:Metro