CNI International News

လန်ဒန်၊ မတ်လ ၁၇

အစိုးရဖုန်းများတွင် TikTok အသုံးပြုခြင်းအား ချက်ချင်း ပိတ်ပင်သွားမည်ဟု ဗြိတိန်အစိုးရက အင်္ဂါနေ့တွင် ကြေညာခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ယင်းမတိုင်ခင် တခြားသော အနောက်နိုင်ငံများသည်လည်း လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် TikTok အသုံးပြုမှုအား ပိတ်ပင်ခဲ့သည်။

ဘေဂျင်းအခြေစိုက် ByteDance ကုမ္ပဏီပိုင် TikTok အဲပလီကေးရှင်းမှ အသုံးပြုသူများ၏ အချက်အလက်များ သည် တရုတ်အစိုးရထံသို့ ရောက်ရှိသွားသည်ဆိုသည့် စိုးရိမ်မှုများသည် အနောက်နိုင်ငံများ၏ လုံခြုံရေးဆိုင်ရာ အကျိုးစီးပွားကို ထိခိုက်စေခြင်းကြောင့် ထိုအဲပလီကေးရှင်းအား အသုံးပြုခြင်းနှင့် ပတ်သက်၍ စိစစ်ခြင်းများစွာ လုပ်ဆောင်လျက်ရှိသည်။

ဗြိတိန်အစိုးရအဖွဲ့ဝန်ကြီး အိုလီဗာဒေါ်ဒန်ကိုတွေ့ရစဉ်

အထိအခိုက်မခံသော အစိုးရ သတင်း အချက်အလက်များကို ဦးစားပေး ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့တွင် အစိုးရသုံး ကိရိယာများ၌ TikTok အသုံးပြုခြင်းကို ပိတ်ပင်လိုက်ပြီ ဖြစ်ကြောင်း ဗြိတိန်အစိုးရအဖွဲ့ဝန်ကြီး အိုလီဗာဒေါ်ဒန် (Oliver Dowdan)က ကြေညာချက် တစ်စောင် ထုတ်ပြန်ပြောဆိုခဲ့သည်။

လူမှုကွန်ယက် အဲပလီကေးရှင်းများမှ တစ်ဆင့် အစိုးရ၏ အချက်လက်များ ယိုစီးမှု ဖြစ်လာနိုင်သည်နှင့် အထိ အခိုက် မခံသော အချက်အလက်များကို မည်သို့ ရယူအသုံးပြုနေသလဲ ဆိုခြင်းနှင့် ပတ်သက်၍ စစ်ဆေးမှု လုပ်ဆောင်ရန် ဗြိတိန်အစိုးရက အမျိုးသား ဆိုက်ဘာလုံခြုံရေးစင်တာအား တောင်းဆိုထားသည်။

ဗြိတိန်မတိုင်ခင် အမေရိကန်၊ ကနေဒါ၊ ဘယ်လ်ဂျီယံတို့မှ အစိုးရများနှင့် ဥရောပကော်မရှင်တို့သည် ၎င်းတို့ အသုံးပြုသော ကိရိယာများတွင် TikTok အသုံးပြုခြင်းအား ပိတ်ပင်ခဲ့ပြီး ဖြစ်သည်။

ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပညာရှင်များ၏ အကြံပေးမှုအရ အစိုးရသုံး ကိရိယာများတွင် TikTok အား ပိတ်ပင်ရန် ဆုံးဖြတ်ခဲ့သည်ဟု ဒေါ်ဒန်က ပြောသည်။

ဗြိတိန်အစိုးရက Tik Tok အသုံးပြုမှုပိတ်ပင်ထားစဉ်

ထိုဆုံးဖြတ်ချက်နှင့် ပတ်သက်၍ စိတ်ပျက်မိကြောင်း၊ ဥရောပမှ အသုံးပြုသူများ၏ အချက်အလက်များကို ကာကွယ်ရန် လိုအပ်သော ဆောင်ရွက်ချက်များကို ချမှတ်ခဲ့ပြီးဖြစ်ကြောင်း TikTok ဘက်မှ ပြောသည်။

ယခုဆုံးဖြတ်ချက်ကို မှားယွင်းသော အယူအဆပေါ်တွင် အခြေခံကာ ချမှတ်ခဲ့သည်ဟု ယုံကြည်ကြောင်းနှင့် ယင်း သည် ကုမ္ပဏီ၊ အသုံးပြုသူများနှင့် မသက်ဆိုင်သည့် ပထဝီဝင် နိုင်ငံရေးဆိုင်ရာ ကျယ်ပြန့်သော အကြောင်းအရာ များကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်းလည်း TikTok ဘက်မှ ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက ပြောသည်။

ဗြိတိန်၏ ဆုံးဖြတ်ချက်သည် အမှန်တရားထက် နိုင်ငံရေးဆိုင်ရာ စဉ်းစားတွေးခေါ်မှုများတွင် အခြေခံထားကြောင်း လည်း တရုတ်အစိုးရဘက်မှ ပြောသည်။

မဲဆန္ဒရှင်များနှင့် ဆက်သွယ်ရန် ဗြိတိန်အစိုးရဌာနများသည် TikTok နှင့် တခြားသော လူမှုကွန်ယက် ပလက် ဖောင်းများကို အသုံးပြုမှု မြင့်တက်လာချိန်တွင် ယခုကဲ့သို့ ပိတ်ပင်ခဲ့ခြင်းလည်း ဖြစ်သည်။

Source: ရိုက်တာ