CNI International News

ဆိုးလ်၊ မတ်လ ၁၈

ရန်သူများကို ခြောက်လှန့်ရန်အတွက် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တစ်လုံး စမ်းသပ် ပစ်ခတ်ခဲ့သည်ဟု မြောက်ကိုရီးယားဘက်မှ သောကြာနေ့တွင် ပြောခဲ့ကြောင်း အေပီသတင်းက ဖော်ပြသည်။

တောင်ကိုရီးယားနှင့် ဂျပန်တို့အကြား အမေရိကန်နှင့်ဒေသတွင်း လုံခြုံရေးကို အနီးကပ် ဆောင်ရွက်ရန်၊ စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ရန် ဆွေးနွေးပွဲတစ်ခုတွင် သဘောတူညီချက် ရရှိချိန်တွင် ထိုသို့ စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။
ဒုံးကျည် ပစ်လွှတ်မှုကို ကြာသပတေးနေ့က မြောက်ကိုရီးယား၏ အရေးပါသော လေဆိပ်မှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ထိုဖြစ်ရပ်က နာရီပိုင်းအကြာတွင် ကျင်းပခဲ့သော တောင်ကိုရီးယားသမ္မတ ယွန်ဆော့ရွဲ(Yoon Suk Yoel)နှင့် ဂျပန် ဝန်ကြီးချုပ် ဖူအီအို ကီရှီဒါ (Fumio Kishida) တို့အကြား ဆွေးနွေးပွဲကို လွှမ်းမိုးထားခဲ့သည်။

ဂျပန်တွင် ပြုလုပ်ခဲ့သော ခေါင်းဆောင်နှစ်ဦး၏ အစည်းအဝေးသည် မြောက်ကိုရီးယား၏ နျူကလီးယား ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရချိန်တွင် အမေရိကန် မဟာမိတ်တို့အကြား လုံခြုံရေးဆိုင်ရာ ဆက်သွယ်မှုများ ပြန်လည် တည်ဆောက်ရန် ရည်ရွယ်သည်။

တောင်ကိုရီးယားသမ္မတ ယွန်ဆော့ရွဲနှင့် ဂျပန်ဝန်ကြီးချုပ် ဖူအီအို ကီရှီဒါကိုတွေ့ရစဉ်

တစ်ပတ်အတွင်း ဒုံးကျည်စမ်းသပ်မှု လုပ်ဆောင်ခဲ့မှုသည် နှစ်ပေါင်းများစွာအတွင်း အင်အားအကြီးမားဆုံး ဖြစ် သော အမေရိကန်-တောင်ကိုရီးယားတို့၏ စစ်ရေးလေ့ကျင့်မှုအပေါ် မြောက်ကိုရီးယား၏ တုန့်ပြန်မှုလည်း ဖြစ် သည်။

မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှု၊ တရုတ်၏ လွှမ်းမိုးမှု မြင့်တက်လာခြင်းတို့အတွက် အမေရိကန် အစိုးရသည် အာရှရှိ မဟာမိတ် ကွန်ယက်ကို ခိုင်မာအောင် အားထုတ် ဆောင်ရွက်နေပြီး တောင်ကိုရီးယားနှင့် ဂျပန်တို့အကြား ပိုမိုကောင်းမွန်သော ဆက်ဆံရေး ရရှိစေလိုနေသည်။

မကြာသေးခင် နှစ်များအတွင်း နှစ်နိုင်ငံကြား ဆက်ဆံရေးမှာ သမိုင်းဝင် အကြောင်းအရာများကြောင့် ထိခိုက်မှုရှိ ခဲ့သည်။

တနင်္လာနေ့မှ စတင်ကာ မတ်လ ၂၃ ရက်အထိ လုပ်ဆောင်မည့် စစ်ရေးလေ့ကျင့်မှုအပြင် အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် ဗုဒ္ဓဟူးနေ့တွင် စတင်သည့် ရေငုပ်သင်္ဘော တိုက်ခိုက်မှု တွန်းလှန်ရေး စစ်ရေးလေ့ကျင့်မှုကို ဂျပန်၊ ကနေဒါ ၊ အိန္ဒိယတို့နှင့် ပူးတွဲ လုပ်ဆောင်လျက်ရှိသည်။

မြောက်ကိုရီးယား ခေါင်းဆောင်ကင်မ်ကိုတွေ့ရစဉ် 

ကြာသပတေးနေ့က Hwasong – 17 ဒုံးကျည်စမ်းသပ်မှုကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်က ဦးဆောင်ခဲ့သည်။ ယင်းကို လေယာဉ်ပြေးလမ်းပေါ်တွင် ရပ်ထားသော ကားပေါ်မှ လုပ်ဆောင်ခဲ့သည်ဟု မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းတွင် ဖော်ပြသည်။

မြောက်ကိုရီးယားအတွက် ရန်စမှုကိုဖြစ်သော အမေရိကန်-တောင်ကိုရီးယားတို့၏ စစ်ရေးလေ့ကျင့်မှုများအတွက် ရန်သူများကို ထိတ်လန့်နေစေရန် လိုအပ်ကြောင်းလည်း ကင်မ်က အခိုင်အမာ ပြောခဲ့သည်။

စမ်းသပ်ခဲ့သော ဒုံးကျည်သည် အမြင့် ၆၀၄၅ ကီလိုမီတာသို့ ၁၀၀၀ ကီလိုမီတာခန့် သွားရောက်ခဲ့ပြီး နိုင်ငံ၏ အရှေ့ဘက် ကမ်းရိုးတန်းသို့ ကျရောက်ခဲ့သည်ဟုလည်း KCNA သတင်းတွင် ဖော်ပြသည်။

Source: AP