CNI International News

ဆိုးလ်၊ မတ်လ ၁၀

မြောက်ကိုရီးယားသည် ၎င်းတို့၏ အနောက်ဘက် ကမ်းလွန်ရေပြင်သို့ တာတိုပစ် ပဲ့ထိန်းဒုံးကျည်တစ်လုံး ပစ်ခတ်ခဲ့သည်ကို သတိပြုမိခဲ့သည်ဟု တောင်ကိုရီးယား စစ်တပ်က ပြောကြောင်း အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြ ထားသည်။

ကြာသပတေးနေ့ ညနေ ၆ နာရီ ၂၀ မိနစ်တွင် အနောက်ဘက် ကမ်းရိုးတမ်း နမ်ပို(Nampo) မြို့အနီး ဧရိယာ တစ်ခုမှ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု တောင်ကိုရီးယားပူးတွဲ စစ်ဦးစီးချုပ်က ပြောသော်လည်း ဒုံးကျည်သည် မည်မျှသွားခဲ့သည် ဆိုသည်နှင့် ပတ်သက်၍ ချက်ချင်း ထုတ်ပြန်ခြင်း မရှိခဲ့ပေ။

ကြာသပတေးနေ့ ပစ်ခတ်မှုသည် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေး လေ့ကျင့်မှုများနှင့် ပတ်သက်၍ ခေါင်းဆောင် ကင်မ်ဂျုံအန်၏ ညီမဖြစ်သူက သတိပေးခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

မြောက်ကိုရီးယား၏ နျူကလီးယား ခြိမ်းခြောက်မှုများ မြင့်တက်လာချိန်တွင် မဟာမိတ် နှစ်နိုင်ငံသည် စစ်ရေးလေ့ကျင့်မှုများကို တိုးမြှင့်ဆောင်ရွက်လာသည်။ မဟာမိတ် နှစ်နိုင်ငံသည် မတ်လ ၁၃ ရက်နေ့မှ စတင်ကာ အနည်းဆုံး ၁၀ ရက်ကြာမည့် အကြီးမားဆုံးသော Freedom Shield စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ရန် စီစဉ်ထားသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ သမီးဖြစ်သူကိုတွေ့ရစဉ်

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှ စတင်ကာ မြောက်ကိုရီးယားသည် ဒုံးကျည်စမ်းသပ်မှု၊ စစ်အင်အားပြမှုတို့ကို အချိန်ကိုက် ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းတို့သည် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ လုပ်ရပ်များ ပြောင်းလဲသွား စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း အမေရိကန် ထောက်လှမ်းရေး အေဂျင်စီများ၏ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။

အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုများအပေါ် တုန့်ပြန်မှုအဖြစ် မြောက်ကိုရီးယားသည် ၎င်းတို့၏ ဒုံးကျည် စမ်းသပ်မှုများနှင့် စစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

တနင်္လာနေ့ လေကြောင်း လေ့ကျင့်မှု တစ်ခုတွင် အမေရိကန်သည် ၎င်းတို့၏ B-52 ဗုံးကြဲလေယာဉ် တစ်စင်းကို အသုံးပြုခဲ့ပြီး ယင်းက မြောက်ကိုရီးယား၏ နျူကလီးယားအပြင်ဒုံးကျည်ဆိုင်ရာ ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ အင်အားပြမှုဟုတောင်ကိုရီးယား ကာကွယ်ရေးဌာနက ပြောသည်။

၂၀၁၉ ခုနှစ် ကင်မ်ဂျုံအန်နှင့် အမေရိကန်သမ္မတ(ဟောင်း) ဒေါ်နယ်ထရမ့်တို့အကြား ဆွေးနွေးပွဲများ ပျက်စီးသွားခဲ့ပြီးနောက် သံတမန်ဆက်ဆံရေး ရပ်တန့်သွားခဲ့ကာ မြောက်ကိုရီးယားသည် စစ်ရေးမြှင့်တင်မှုများကို နှစ်ဆ တိုးမြှင့်ဆောင်ရွက်လာခဲ့သည်။

မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်နေစဉ် 

စစ်ရေးလိုလားသည့် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲ(Yoon Suk-yeol) သည်လည်း မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှု မြင့်တက်လာခြင်းအပေါ် တုန့်ပြန်ရန် ဂျပန်၊ အမေရိကန်တို့နှင့် လုံခြုံရေး၊ သံတမန်ရေး ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ခဲ့သည်။

ဧပြီ ၂၆ ရက်တွင် ယွန်သည် အမေရိကန်သို့ သွားရောက်ကာ သမ္မတဘိုင်ဒန်နှင့် တွေ့ဆုံမည်ဖြစ်ပြီး လာမည့် သီတင်းပတ်တွင် ဂျပန်သို့ သွားရောက်မည်ဟု တာဝန်ရှိသူများက ပြောသည်။

Source: Aljazeera