CNI International News

ကိယက်ဗ်၊ မတ်လ ၁၀

ကြာသပတေးနေ့က ရုရှားဘက်မှ ဒုံးကျည်နှင့်ဒရုန်းအင်အားများစွာဖြင့် အစုလိုက်အပြုံလိုက် ပစ်ခတ်မှုကြောင့် ယူကရိန်းနိုင်ငံတစ်ဝန်းလုံးရှိ လူနေအိမ်များ၊ အရေးကြီးသည့် အခြေခံအဆောက်အဦများ ထိမှန်ခဲ့ပြီး လူခြောက်ဦး သေဆုံးခဲ့ရသည်ဟု AP သတင်းတွင်ဖော်ပြသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် လူရာချီ၍ အပူပေးစနစ်(သို့မဟုတ်)လျှပ်စစ်မီး ပြတ်တောက်ခဲ့ရသည်။ ထိုတိုက်ခိုက်မှုသည် သုံးပတ်အတွင်း အင်အားအပြင်းထန်ဆုံးသော တိုက်ခိုက်မှုလည်း ဖြစ်သည်။

တိုက်ခိုက်မှုများသည် ရှေ့တန်းစစ်မျက်နှာနှင့်ဝေးသော ယူကရိန်းအနောက်ပိုင်းအပါအဝင် နိုင်ငံ၏ ဧရိယာ တော်တော်များများသို့ ပစ်မှတ်ထားခဲ့ခြင်းကြောင့် တစ်ညလုံးနီးပါး လေကြောင်းအချက်ပေးသံများ သောသောညံ နေခဲ့သည်။ လူပေါင်းများစွာ အိပ်ပျော်နေချိန်တွင်ပြုလုပ်ခဲ့သော ယခုကဲ့သို့ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုသည် ယူကရိန်းအား နောက်တစ်ကြိမ် ခြိမ်းခြောက်မှုဖြစ်သည်ဟု သမ္မတ ဇာလန်းစကီးက ပြောသည်။

ယူကရိန်းအဖျက်သမားများဟု ရုရှားဘက်မှ စွပ်စွဲထားသည့် ရုရှားအနောက်ပိုင်း ဘီယန့်ခ် (Bryansk) ဒေသကို မကြာသေးခင်က ကျူးကျော်ဝင်ရောက်ခဲ့မှုအပေါ် တုန့်ပြန်သည့်အနေဖြင့် ယခုကဲ့သို့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရုရှားကာကွယ်ရေးဌာနက ပြောသည်။

 ရုရှားနိုင်ငံ Belgorod ဒေသမှ ယူကရိန်းနိုင်ငံသို့ ဒုံးကျည်သုံးစင်းပစ်လွှတ်ခြင်းကို ၂၀၂၃ ခုနှစ်၊ မတ်လ ၉ ရက် ကြာသပတေးနေ့ညက ယူကရိန်းနိုင်ငံ ခါကိဗ်မြို့မှ မြင်တွေ့ရစဉ်(ဓါတ်ပုံ-အေပီ)

သို့သော် ယူကရိန်းဘက်မှ အဆိုပါ စွပ်စွဲမှုကို ငြင်းဆိုကာ ရုရှားသည် ၎င်းတို့၏တိုက်ခိုက်မှုများကို အရှိန်မြှင့်တင်နိုင်ရေး လုပ်ဇာတ်ဖန်တီးခြင်းသာဖြစ်သည်ဟု ပြောသည်။ ယူကရိန်းစစ်ပွဲသည် ဆောင်းရာသီတစ်လျှောက်လုံး တအုံနွေးနွေး အခြေအနေတွင်ရှိနေခဲ့သည်။ ရုရှားသည် ယူကရိန်းပြည်သူများ စိတ်ဓာတ်ပျက်ပြားစေရန်၊ ယူကရိန်း အစိုးရကို ရုရှားဘက်မှသတ်မှတ်သည့် ငြိမ်းချမ်းရေးစကားဝိုင်းသို့ ခေါ်ဆောင်နိုင်ရန်အတွက် ပြီးခဲ့သည့် နိုဝင်ဘာလတွင် ယူကရိန်း စွမ်းအင်အရင်းအမြစ်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။ သို့သော်နောက်ပိုင်းတွင် ထိုသို့သောတိုက်ခိုက်မှုများ လျော့နည်းသွားခဲ့သည်။ ရုရှားဘက်တွင် လက်နက်ခဲယမ်းများ ရှားပါးလာခြင်းကြောင့် ဟု လေ့လာသူများက သုံးသပ်သည်။

ကြာသပတေးနေ့တွင် ရုရှားသည် ဒုံးကျည် ၈၁ လုံး၊ အီရန်လုပ် Shahed ဖောက်ခွဲရေးဒရုန်း ၈ စီးဖြင့် တိုက်ခိုက် ခဲ့သည်ဟု ယူကရိန်းကာကွယ်ရေးဦးစီးချုပ်က ပြောသည်။ ယင်းတို့မှ ဒုံးကျည် ၃၄ လုံးနှင့် ဒရုန်း ၄ စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့သည်ဟုလည်း ၎င်းက ပြောသည်။

ကြာသပတေးနေ့တွင် ပစ်ခဲ့သောလက်နက်များတွင် အသံထက်ပိုမြန်သော Kinzhal ခရုဇ် ဒုံးကျည်ခြောက်လုံး ပါဝင်သည်ဟု ယူကရိန်းလေတပ် ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။ ဒုံးကျည်များသည် ယူကရိန်းရှိ စစ်တပ်နှင့် စက်မှု လုပ်ငန်းများအပြင် ယင်းတို့ကို စွမ်းအင်ဖြန့်ဖြူးနေသည့် စွမ်းအင်စက်ရုံများကို ပစ်မှတ်ထားသည်ဟု ရုရှား ကာကွယ်ရေးဌာနက ပြောသည်။

Source:AP