CNI International News

တီဘလီဆီ၊ မတ်လ ၁၀

နှစ်ညဆက်တိုက် အကြမ်းဖက် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီးနောက် နိုင်ငံခြားသားများနှင့် ပတ်သက်သည့် ဥပဒေ မူကြမ်းကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ဂျော်ဂျီယာအာဏာရပါတီက ကြာသပတေးနေ့တွင် ပြောခဲ့သည်ဟု ရိုက်တာ သတင်းတွင် ဖော်ပြသည်။

ရုရှားပုံစံအတိုင်း အာဏာရှင် ဆန်ဆန် ပြောင်းလဲလာမှုက နိုင်ငံ၏ EU အဖွဲ့သို့ ပူးပေါင်းရေး မျှော်လင့်ချက်ကို ထိခိုက်စေမည်ဟုဆိုကာ အတိုက်အခံများက ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

ဥပဒေမူကြမ်းကို လုံးဝဖျက်သိမ်းလိုက်ပြီဟု အာဏာရပါတီ Georgian Dream ပါတီက ပြောသည်။

လူ့အဖွဲ့အစည်းအတွင်း ထိပ်တိုက် တွေ့ဆုံမှုများကို လျော့ချရန် ယင်းက ပြောခဲ့ပြီး မူကြမ်းနှင့် ပတ်သက်၍ အ တိုက်အခံများဘက်က ပြောသော အလိမ်အညာများကိုလည်း ရှုတ်ချခဲ့သည်။

ဂျော်ဂျီယာသမ္မတကိုတွေ့ရစဉ်

သို့သော် ဆန္ဒပြပွဲများကို ဆက်လက် လုပ်ဆောင်သွားမည်ဟု အတိုက်အခံ ခေါင်းဆောင်များက ပြောသည်။

အစိုးရအနေဖြင့် မူကြမ်းကို တရားဝင် ပြစ်တင်မှု လုပ်ဆောင်ရန်၊ ဆန္ဒပြပွဲများအတွင်း ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် တောင်းဆိုနေခြင်းသာ ဖြစ်သည်ဟု အတိုက်အခံ Droa ပါတီ၏ ကိုယ်စားလှယ် တစ်ဦးက ပြောသည်။

ဥပဒေမူကြမ်းကြောင့် မဟုတ်ဘဲ Georgian Dream ပါတီ၏ ရုရှားစတိုင် လုပ်ဆောင်မှုများကြောင့် ဆန္ဒပြနေရ ခြင်းဖြစ်ကြောင်း၊ ၎င်းတို့အပေါ် ယုံကြည်နိုင်တော့မည် မဟုတ်ကြောင်း Droa ပါတီအား တည်ထောင်သူ ဟယ်လင် ခိုစတာရီယာ (Helen Khoshtaria)က ပြောသည်။

လူဦးရေ ၃ ဒသမ ၇ သန်းသာရှိသော ဂျော်ဂျီယာနိုင်ငံသည် ၂၀၀၃ ခုနှစ် နှင်းဆီတော်လှန်ရေး ၊ ၂၀၀၈ ခုနှစ် ရုရှားနှင့် စစ်ပွဲတို့ အပါအဝင် ဆိုဗီယက်ပြည်ထောင်စုမှ ခွဲထွက်ပြီးချိန်ကတည်းက နိုင်ငံရေးပြဿနာများစွာနှင့် ကြုံတွေ့ခဲ့ရသည်။

ကန့်ကွက်နေကြသော မူကြမ်းတွင် နိုင်ငံခြားမှ ရံပုံငွေ ၂၀ ရာခိုင်နှုန်းကျော် ရရှိနေသော ဂျော်ဂျီယာ အဖွဲ့အစည်း များအနေဖြင့် နိုင်ငံခြား အေးဂျင့်များအဖြစ် မှတ်ပုံတင်ရန် သို့မဟုတ် ဒဏ်ငွေအပြစ် ပေးခံရမည်ဟု ပါဝင်သည်။

ဂျော်ဂျီယာမှာ ဆန္ဒပြကြစဉ်

နိုင်ငံ၏ နိုင်ငံရေး မျက်နှာစာမှ နိုင်ငံခြားလွှမ်းမိုးမှုနှင့် စပိုင်များကို ရှင်းထုတ်ရန် ထိုဥပဒေမူကြမ်းသည် အရေးပါ ကြောင်းနှင့် အစိုးရသည် နိုင်ငံတွင်းရှိ အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများသည် မည်သည့်နေရာမှ ရံပုံငွေ ရရှိ နေသည် ဆိုသည်ကိုသိရှိရန် အခွင့်အရေးရှိသည်ဟု ဂျော်ဂျီယာ တာဝန်ရှိသူများက ပြောသည်။

သို့သော် ယင်းသည် ရုရှားဥပဒေအတိုင်း ပုံတူကူးချမှုဟု အတိုက်အခံများက စွပ်စွဲသည်။ ဂျော်ဂျီယာ ဆိုင်ရာ အီးယူ ကိုယ်စားလှယ်များကလည်း အစိုးရ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ပြောသည်။

အငြင်းပွားနေသော ဥပဒေမူကြမ်းကို လွှတ်တော်က အင်္ဂါနေ့တွင် ကနဦး အတည်ပြုပေးခဲ့ပြီး လွှတ်တော်အပြင် ဘက်တွင် လူထောင်ပေါင်းများစွာက စုဝေးဆန္ဒပြကာ ရဲတပ်ဖွဲ့ဝင်များကို ဓာတ်ဆီဗုံးများ၊ ကျောက်ခဲများ၊ ပလတ် စတစ် ရေဗူးများဖြင့် ပစ်ပေါက် တိုက်ခိုက်ခဲ့သည်။

လူဒါဇင်ချီ ထိန်းသိမ်းခဲ့သည်ဟုလည်း အာဏာပိုင်များက ပြောသည်။ ဥပဒေ မူကြမ်းသည် အာဏာရပါတီနှင့် အီးယူ လိုလားသော သမ္မတ ဆလိုမို ဇိုရာဘစ်ချ်ဗီလီတို့အကြား တင်းမာမှုကို ပိုမိုဆိုးရွားလာစေခဲ့သည်။
လွှတ်တော်သည် သူမထက်ပို၍ လုပ်ပိုင်ခွင့်ရှိသော်ငြား အဆိုပါမူကြမ်းကို ဗီတိုအာဏာသုံး၍ ပယ်ဖျက်မည်ဟု ဂျော်ဂျီယာသမ္မတက ပြောခဲ့သည်။

Source: Reuters