CNI International News

ဆိုးလ်၊ ဒီဇင်ဘာ ၁၉

ဂျပန်နိုင်ငံအထိ ရောက်နိုင်သော ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို မြောက်ကိုရီးယားက တနင်္ဂနွေနေ့(ဒီဇင်ဘာ ၁၈ ရက်) တွင် ပစ်လွှတ်စမ်းသပ်ခဲ့သည်ဟု အေပီမှ ရေးသားဖော်ပြခဲ့သည်။

အဆိုပါ ဒုံးကျည်ပစ်လွှတ်မှုက မြောက်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့အပေါ် ပိုမိုပြင်းထန်သည့် ခြေလှမ်းများ ဆောင်ရွက်နိုင်ရန် တွန်းအားပေးသည့် လုံခြုံရေးမဟာဗျူဟာတစ်ခုကို ဂျပန်နိုင်ငံဘက်က စတင်ခဲ့သည့်အပေါ် တုန့်ပြန်မှုဟုလည်း ယူဆရသည်။

ပစ်လွှတ်ခဲ့သော ဒုံးကျည်နှစ်စင်းသည် နိုင်ငံ၏အနောက်မြောက် တွန်းချန်ရီ (Tongchangri) ဧရိယာမှ ၅၀၀ ကီလိုမီတာသို့ အမြင့်ဆုံး ၅၅၀ ကီလိုမီတာဖြင့် ပျံသန်းသွားခဲ့ကာ ကိုရီးယားကျွန်းဆွယ်နှင့် ဂျပန်တို့အကြား ရေပြင်သို့ ကျရောက်ခဲ့သည်ဟု တောင်ကိုရီးယားနှင့် ဂျပန်အစိုးရတို့က ပြောသည်။

ဂျပန်ဒုတိယကာကွယ်ရေးဝန်းကြီး တိုရှီယို အီနိုကိုတွေ့ရစဉ် (GETTY IMAGES)

ဒုံးကျည် နှစ်စင်းလုံးသည် တာလတ်ပစ် လက်နက်များဖြစ်ပြီး ၎င်းတို့ကို မတ်စောက်သော အနေအထားမှ ပစ်လွှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် လမ်းကြောင်းမှ ပစ်လွှတ်လျှင် ယခုထက်ပို၍ ပျံသန်းသွားနိုင်သည်ဟုလည်း တောင်ကိုရီးယားစစ်ဘက်က ပြောသည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် အောက်တိုဘာတွင် ဂျပန်နိုင်ငံဘက်သို့ တာလတ်ပစ် ဒုံးကျည်တစ်စင်း ပစ်လွှတ် ခဲ့ဖူးသော်လည်း ၎င်းတို့၏ ပစ်လွှတ်စမ်းသပ်မှုများ အိမ်နီးချင်နိုင်ငံများသို့ ကျရောက်ခြင်းကို ရှောင် ကျဉ်ရန် တာလတ်နှင့် တာဝေးပစ် ဒုံးကျည်များကို မြင့်သောနေရာများမှ ပစ်လွှတ်လေ့ရှိသည်။

ပြည်သူများ ဆာလောင်နေချိန်နှင့် နိုင်ငံတွင်း အစားအစာ ရှားပါးမှုများ ရှိနေသော်လည်း မြောက်ကိုရီးယားဘက်မှ ယခုကဲ့သို့ ရန်စမှုများကို ဆက်တိုက် ပြုလုပ်နေခြင်းအတွက် ဝမ်းနည်းမိသည်ဟု တောင်ကိုရီးယား အရာရှိများက အရေးပေါ် အစည်းအဝေးတွင် ပြောခဲ့သည်။

 မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား အလံများကိုတွေ့ရစဉ် (AP)

ဂျပန်နိုင်ငံအပြင် ဒေသတွင်းနှင့် နိုင်ငံတကာ အသိုက်အဝန်းအပေါ် ခြိမ်းခြောက်နေသည့် မြောက်ကိုရီးယား၏ လုပ်ရပ်ကို ဂျပန်ဒုတိယကာကွယ်ရေးဝန်းကြီး တိုရှီယို အီနို (Toshiro Ino) ကလည်း ဝေဖန်ခဲ့သည်။

အဆိုပါ စမ်းသပ်မှုများသည် မြောက်ကိုရီးယား၏ ဖျက်ဆီးအား မြင့်မားသော တရားမဝင် လက်နက်များနှင့် ပဲ့ထိန်းဒုံးကျည် အစီအစဉ်များ၏ မတည်ငြိမ်သော သက်ရောက်မှုကို ဖော်ပြနေသည်ဟု အမေရိကန်၏ အင်ဒို-ပစိဖိတ် ဌာနချုပ်က ပြောသည်။

ထိုအခြေအနေများတွင် ဂျပန်နှင့် တောင်ကိုရီးယားကို ကာကွယ်ပေးမည့် အမေရိကန်၏ သဘောထားလည်း ခိုင်မာနေဆဲပင် ဖြစ်ကြောင်း ပါရှိသည်။

မြောက်ကိုရီးယား၏ တနင်္ဂနွေနေ့ စမ်းသပ်မှုများသည် ၎င်းတို့၏ Pukguksong-2 ဒုံးကျည်များ ဖြစ်နိုင်ကြောင်း၊ ထိုဒုံးကျည်များသည် ရေငုပ်သင်္ဘောမှ တဆင့် ပစ်ခတ်နိုင်သည့် ဒုံးကျည်အုပ်စုဝင်ဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် လည်း ယခုကဲ့သို့ စမ်းသပ်ခဲ့ဖူးသည်ဟု ကိုရီးယားအမျိုးသား ကာကွယ်ရေးတက္ကသိုလ်မှ ပါမောက္ခဟောင်း ကွန်ယောင်ဆိုး (Kwon Yong Soo) က ပြောသည်။

Source: AP