CNI International News

ပြုံယမ်း၊ နိုဝင်ဘာ ၇

မြောက်ကိုရီးယားသည် အမေရိကန်ရွေးကောက်ပွဲမတိုင်မီ နာရီပိုင်းအလို နိုဝင်ဘာ ၅ ရက်တွင် တာတိုပစ် ဒုံးကျည်များ ပစ်လွှတ်ခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

ထိုဒုံးကျည်များ ပစ်လွှတ်မှုသည် အမေရိကန်ရွေးကောက်ပွဲတွင် အနိုင်ရရှိမည့် သမ္မတသစ်ကို ရည်ရွယ်ပြီး သွေးတိုးစမ်းသည့် သဘောမျိုးဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် အောက်တိုဘာ ၃၁ ရက်ကလည်း တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် တစ်စင်းကို စမ်းသပ် ပစ်လွှတ်ခဲ့ပြီးနောက် အမေရိကန်ရွေးကောက်ပွဲ မကျင်းပမီ တာတိုပစ်ဒုံးကျည်များကို ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲတွင် ရုရှားသို့ စစ်သားများ စေလွှတ်နေသည်ဆိုသည့် သတင်းများကြောင့် နိုင်ငံတကာ၏ စိုးရိမ်မှု မြင့်တက်နေချိန်တွင် ထိုသို့ စစ်ရေးအရ ရန်စမှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားသည် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့၏ စစ်ရေး လေ့ကျင့်မှုများကို ရှုတ်ချခဲ့ပြီး နောက် အရှေ့ဘက်ကမ်းလွန် ရေပြင်အတွင်းသို့ တာတိုပစ်ဒုံးကျည် ၇ စင်း ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ကို တွေ့ရစဉ်

ထိုဒုံးကျည်များသည် အမြင့် ၁၀၀ ကီလိုမီတာတွင် အကွာအဝေး ၄၀၀ ကီလိုမီတာအထိ ပျံသန်းခဲ့ပြီး ဂျပန်၏ အထူးစီးပွားရေးဇုန် အပြင်ဘက်ရှိ သမုဒ္ဒရာအတွင်းသို့ ကျသွားခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး နာကာတာနီ (Gen Nakatani) က ပြောကြားခဲ့သည်။

ထိုဒုံးကျည်များ ဒေသစံတော်ချိန် နံနက် ၇ နာရီခွဲအချိန်က မြောက်ကိုရီးယား၏ မြောက်ဟွမ်ဟေး (North Hwanghae) ပြည်နယ်၊ ဆာရီဝန် (Sariwon) မြို့အနီးမှ ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်ဟု တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်များအဖွဲ့ (JCS) က ထုတ်ပြန်ခဲ့သည်။

ထိုဒုံးကျည်ပစ်လွှတ်မှုကို တောင်ကိုရီးယား၊ ဂျပန်နှင့် အခြားဒေသတွင်း မဟာမိတ်များနှင့်အတူ စောင့်ကြည့် နေကြောင်း အမေရိကန်စစ်တပ်က ထုတ်ပြန်ခဲ့သည်။

အောက်တိုဘာ ၂၉ ရက်က တိုက်ချင်းပစ် ဒုံးကျည် ပစ်လွှတ်မှုသည် အမေရိကန်ကို ရည်ရွယ်ခြင်းဖြစ်နိုင်ပြီး ယခု ပဲ့ထိန်းဒုံးကျည်များ ပစ်လွှတ်မှုသည် တောင်ကိုရီးယားကို ရည်ရွယ်ခြင်း ဖြစ်နိုင်သည်ဟု တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ရှိ မြောက်ကိုရီးယားလေ့လာရေးတက္ကသိုလ်၏ ဥက္ကဋ္ဌ ယန်းမူဂျင်း  (Yang Moo-jin) က ပြောကြား ခဲ့သည်။

Source: Nikkei Asia