CNI International News

မော်စကို၊ မတ်လ ၁၈

ရုရှားသမ္မတဗလာဒီမာ ပူတင် (Vladimr Putin) ၏ ဖိတ်ကြားမှုကြောင့် တရုတ်သမ္မတရှီကျင့်ဖျင် (Xi Jinping) သည် လာမည့်သီတင်းပတ်တွင် ရုရှားသို့လာရောက်မည်ဟု ရုရှားအစိုးရဘက်မှ သောကြာနေ့တွင် ပြောကြား ခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းတွင် ဖော်ပြသည်။

တနင်္လာနေ့တွင် စတင်မည့် နှစ်ရက်ကြာခရီးစဉ်သည် ယူကရိန်းပဋိပက္ခအတွက် ငြိမ်းချမ်းရေးကို တရုတ်မှ ကြားဝင်ဆောင်ရွက်ပေးနေချိန်တွင် ပေါ်ပေါက်လာခဲ့သည်။ တရုတ်၏ ဆောင်ရွက်မှုသည် ရုရှားအား သံတမန် ရေးအရ ထောက်ပံ့မှုပြုလုပ်ရန်အတွက်ဟု အနောက်နိုင်ငံများက သံသယရှိကြသည်။

ဆွေးနွေးပွဲများအတွင်း ခေါင်းဆောင်နှစ်ဦးသည် အပြန်အလှန်မိတ်ဖက်ဆက်ဆံရေးကို ထပ်မံမြှင့်တင်ရန်နှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများနှင့်ဆိုင်သော အကြောင်းအရာများကို ဆွေးနွေးသွားမည်ဟု ကရင်မလင်ဘက်က ပြောသည်။ အရေးကြီးသည့်စာရွက်စာတမ်းများစွာကိုလည်း လက်မှတ်ရေးထိုးမည်ဟု ဖော်ပြထားသည်။

တရုတ်နှင့်ရုရှားတို့သည် ၂၀၂၂ ဖေဖော်ဝါရီလတွင် အကန့်အသတ်မရှိသော ဆက်ဆံရေးအခြေအနေတွင် ရှိနေကြောင်း ကြေညာခဲ့သည်။ ယူကရိန်းအား ကျူးကျော်မှုမစတင်ခင် သီတင်းပတ်အနည်းငယ်အလို Winter Olympics ဖွင့်ပွဲအတွက် သမ္မတ ပူတင်သည် ဘေဂျင်းသို့ရောက်ရှိနေစဉ် ထိုသို့ကြေညာခဲ့ခြင်း ဖြစ်သည်။

ရုရှားသမ္မတ ပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်(ဓါတ်ပုံ-အေပီ)

ထိုအချိန်မှစ၍ နှစ်နိုင်ငံကြားဆက်ဆံရေး ခိုင်မာစေရန် ထပ်လောင်းပြောဆိုမှုများကို ဆက်တိုက်ပြုလုပ်ခဲ့သည်။ ယူကရိန်းကျူးကျော်စစ် နောက်ပိုင်းမှစတင်ကာ နှစ်နိုင်ငံကြားကုန်သွယ်ရေးမှာမြင့်တက်လာခဲ့ပြီး တရုတ်သည် ရုရှား၏ရေနံအတွက် ပင်မဝယ်လက်ဖြစ်ခဲ့ကာ ရုရှားအစိုးရအတွက် ငွေကြေးရရှိရာ ပင်မရင်းမြစ်တစ်ခုဖြစ်ခဲ့သည်။

သို့သော် ပြီးခဲ့သည့် သီတင်းပတ်များမှစတင်ကာ တရုတ်သည် ရုရှားနှင့် ယူကရိန်းပဋိပက္ခအတွင်း ကြားဝင်စေ့စပ် ပေးသူအဖြစ် ဆောင်ရွက်ရန်ကြိုးပမ်းလာသည်ကို တွေ့လာရသည်။ ယူကရိန်းကျူးကျော်စစ် တစ်နှစ်တိတိ ပြည့်သည့် ဖေဖော်ဝါရီ ၂၄ ရက်တွင် တရုတ်သည်အချက် ၁၂ ချက်ပါ အဆိုပြုချက်တစ်ခုကို ထုတ်ပြန်ခဲ့ပြီး ရုရှား၊ ယူကရိန်းနှစ်နိုင်ငံအကြား အပစ်အခတ်ရပ်စဲရေးနှင့် ဆွေးနွေးမှုများလုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။

ယခုသီတင်းပတ်အစောပိုင်းတွင်လည်း တရုတ်အစိုးရသည် ပင်လယ်နက်သယ်ယူပို့ဆောင်ရေးဆိုင်ရာ သဘော တူညီချက်နှင့်ပတ်သက်၍ ရုရှားနှင့်ယူကရိန်းတို့အကြား ကြားဝင်စေ့စပ်ပေးရန် ကမ်းလှမ်းခဲ့ဖူးသည်။

ကြာသပတေးနေ့ ယူကရိန်းဝန်ကြီးနှင့် ကြုံတောင့်ကြုံခဲ ဖုန်းပြောဆိုမှုတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးက တရုတ် အစိုးရသည် ယူကရိန်းပဋိပက္ခ မထိန်းချုပ်နိုင်တော့မည်ကို စိုးရိမ်ကြောင်းပြောကာ ရုရှားနှင့်နိုင်ငံရေးအရ အဖြေ ရှာရန်အတွက် ဆွေးနွေးပွဲများလုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်ဟု သိရသည်။

Source:Aljazeera