CNI International News

ဘေဂျင်း၊ ဖေဖော်ဝါရီ ၂၂

ယူကရိန်းပဋိပက္ခအား အဆုံးသတ်ရေးအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်လိုသည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးက အင်္ဂါနေ့တွင် ပြောကြောင်း AP သတင်းတွင် ဖော်ပြသည်။

တစ်နှစ်ကြာ ယူကရိန်းစစ်ပွဲ ထပ်မံပြင်းထန်လာမည်နှင့် ထိန်းချုပ်၍မရသော အခြေအနေသို့ ရောက်ရှိသွားမည်ကို တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်မိကြောင်း နိုင်ငံခြားရေးဝန်ကြီး ချင်းငန်း (Qin Gang) က ဘေဂျင်းရှိ လုံခြုံရေး ညီလာခံတစ်ခုတွင် ပြောခဲ့သည်။

တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်ဆောင်ရေးအတွက် ဆက်လက်တိုက်တွန်းသွားမည်ဖြစ်ကာ နိုင်ငံရေးအရ ကျေအေးမှု ရယူရေးတွင် တရုတ်၏ အသိပညာများကို ထောက်ပံ့ပေးသွားမည်ဟု ပြောသည်။ ယူကရိန်းအရေးတွင် မီးလောင်ရာလေပင့်နေသောနိုင်ငံများကို ရပ်တန်းကရပ်ရန်၊ တရုတ်အား အပြစ်တင်နေမှု များကိုရပ်ရန်နှင့် ယူကရိန်းအရေးနှင့် ထိုင်ဝမ်အရေးတို့ကို အကျယ်တဝင့် ရေးသားနေမှုများကို ရပ်တန့်ရန် တိုက်တွန်းကြောင်း ချင်းက ပြောသည်။ ယင်းက ယူကရိန်းကို လက်နက်ထောက်ပံ့နေသော အမေရိကန်နှင့် မဟာမိတ်နိုင်ငံများအပြင် ထိုင်ဝမ်ကို တရုတ်ကကျူးကျော်မှု လုပ်ဆောင်လိမ့်မည်ဟု စိုးရိမ်နေမှုများအပေါ် ရည်ညွှန်းပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။

မီးလောင်ပြိုကျပျက်စီးနေသည့် အဆောက်အအုံနှင့်အတူ ယူကရိန်းဖခင်နှင့် ကလေးငယ်တစ်ဦးကို တွေ့ရ စဉ်(ဓါတ်ပုံ-ယူနက်ဆက်ဖ်)

တရုတ်အစိုးရသည် ယူကရိန်းအရပ်သားများအပေါ် ရုရှား၏ ကျူးကျော်ခြင်း (သို့မဟုတ်) ကြမ်းကြုတ် ရက်စက် ခြင်းများအပေါ် ဝေဖန်မှုလုပ်ဆောင်ရန် ငြင်းဆန်ခဲ့ပြီး ရုရှားအပေါ် အနောက်အုပ်စု၏ ပိတ်ဆို့အရေးယူမှုများ ချမှတ်ခြင်းကိုသာ ဝေဖန်ထားသည်။
ထို့အပြင် ရုရှား၏အလိုကို လိုက်လျောခြင်းအားဖြင့် ယူကရိန်း ပဋိပက္ခကို ကျူးကျော်စစ်အဖြစ်လည်း သုံးနှုန်းခြင်း မရှိပေ။ တရုတ်နှင့်ရုရှားတို့သည် အမေရိကန်ကိုဆန့်ကျင်သော နိုင်ငံခြားရေးမူဝါဒချင်း တူညီကြပြီး ယူကရိန်း ကျူးကျော်စစ်ပွဲမတိုင်ခင် နှစ်နိုင်ငံဆက်ဆံရေးမှာ အကန့်အသတ်မရှိဟု ခေါင်းဆောင်များက ပြောခဲ့သည်။

နေတိုးအဖွဲ့၏ အရှေ့ဘက်သို့ အင်အားတိုးချဲ့လာခြင်းသည် ရုရှားအနေဖြင့် တပ်အင်အားကိုသုံးရန် ရန်စမှု ဖြစ်စေခဲ့သည်ဟုလည်း တရုတ်က ရုရှားအား ကာကွယ်ပြောဆိုထားသည်။ သို့သော် တရုတ်နိုင်ငံသည် အကြောင်း အရာ၏ အခြေအနေပေါ်မူတည်ပြီး မျှတ၍ ဘက်မလိုက်သော ရပ်တည်ချက်ကို အမြဲကျင့်သုံးသည်ဟု ချင်းက ပြောသည်။

တရုတ်သည် ကုလသမဂ္ဂအဖွဲ့တွင် ရုရှားနိုင်ငံအပေါ် ဝေဖန်မှုများကိုလည်း ကန့်ကွက်ခဲ့ပြီး နိုင်ငံတိုင်း၏ အချုပ် အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို လေးစားရမည်ဟု ပြောသည်။ယင်းက ထိုင်ဝမ်အရေးတွင် တရုတ်၏ ရပ်တည်ချက်ကို အထောက်အပံ့ဖြစ်စေသော အနေအထားလည်း ဖြစ်သည်။

Source:AP