CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် H.E.Mr. Deng Xijun သည် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်-မိုင်းလား(NDAA) ထိန်းချုပ်နယ်မြေ၏ မြို့တော်ဖြစ်သည့် မိုင်းလားသို့ ရောက်ရှိ လာကြောင်း ဖေဖော်ဝါရီ ၂၀ ရက်နေ့က သိရသည်။

ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထူးဒေသ(၄) မိုင်းလား၏ ငြိမ်းချမ်းရေးနှင့်စည်းလုံးညီညွတ်ရေး ကော်မတီ ဒုဥက္ကဋ္ဌများဖြစ်သည့် ဦးစန်ပေ့၊ ဦဆမ်လူ တို့နှင့်တွေ့ဆုံ ဆွေးနွေးခဲ့သည်။

အဆိုပါ တွေ့ဆုံမှုတွင် မည်သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်ကိုတော့ မသိရသေးပေ။

တရုတ်အထူးကိုယ်စားလှယ် Mr. Deng Xijun နှင့် NDAA ခေါင်းဆောင်များတွေ့ဆုံစဉ်

NDAA သည် "ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ကချင် လွတ်လပ်ရေး တပ်မတော်(KIA)၊ ရက္ခိုင့်တပ်တော်(AA)၊ တအာင်း(ပလောင်)အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)၊ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသားဒီမိုကရက်တစ် တပ်မတော်(MNDAA) တို့ ပါဝင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)အဖွဲ့ဝင်ဖြစ်သည်။

လက်ရှိမှာလည်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်လည်းကောင်း၊ နစက၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့နှင့်လည်းကောင်း တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆွေးနွေးလျက်ရှိသည်။

 တရုတ်အထူးကိုယ်စားလှယ် Mr. Deng Xijun မိုင်းလားမြို့ကို ရောက်လာစဉ်

Mr. Deng Xijun သည် မစ္စတာ ဆွန်ကော်ရှန်၏ နေရာမှာ အစားထိုးခန့်အပ်ခံရပြီးနောက် မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်နေ့က နေပြည်တော်မှာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံ ခဲ့သေးသည်။

Mr. Deng Xijun သည် ၁၉၈၅ ခုနှစ်က စစ်သံမှူးအဖြစ် ရောက်ရှိခဲ့ဖူးသည်။ ထို့နောက် ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၇ ခုနှစ်အထိ အရှေ့တောင်အာရှနှင့်တောင်အာရှတွင် အလှည့်ကျ တာဝန်များ ထမ်းဆောင်ခဲ့သည်။

၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်တွင် အာဖဂန်နစ္စတန်ရေးရာ အထူးကိုယ်စားလှယ်ဖြစ်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် မှ ၂၀၂၂ ခုနှစ်အထိ အာဆီယံဆိုင်ရာ သံအမတ်ကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။