CNI International News

ကိယတ်ဗ်၊ဖေဖော်ဝါရီ ၂၁

ကြေညာထားသည့်အတိုင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် တနင်္လာနေ့တွင် ယူကရိန်းမြို့တော် ကိယက်ဗ်သို့ သွားခဲ့သည်။

ယင်းက ယူကရိန်းပဋိပက္ခ နှစ်ပတ်လည် မတိုင်မီ ရက်အနည်းငယ် အလိုတွင်း ဖြစ်သည်ဟု Aljazeera သတင်း တွင် ဖော်ပြသည်။

ဘိုင်ဒန်၏ ခရီးစဉ်သည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက် ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက်ပိုင်း ပထမ ဆုံးသော ယူကရိန်းခရီးစဉ်လည်း ဖြစ်သည်။

ဘိုင်ဒန်နှင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်းစကီးတို့ ယူကရိန်းမြို့တော်၌ တွေ့ဆုံနေစဉ် လေကြောင်း အချက်ပေးသံများ ထွက်ပေါ်လာခဲ့သော်လည်း ကြီးမားသည့် တိုက်ခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ပေ။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ယူကရိန်းသမ္မတ ဇာလန်းစကီးကိုတွေ့ရစဉ်

 

သမ္မတ၏ ခရီးစဉ်သည် ယူကရိန်း၏ ဒီမိုကရေစီ၊ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှု အပေါ်တွင် ပြောင်းလဲ ခြင်း မရှိသည့် ခိုင်မာသော သဘောထားကို ထပ်မံပြသခြင်းဟု အိမ်ဖြူတော်ဘက်က ပြောသည်။

ပြီးခဲ့သည့် တစ်နှစ်က ပူတင် ယူကရိန်းသို့ ကျူးကျော်ချိန်တွင် ယူကရိန်းသည် အားနည်းကြောင်း၊ အနောက်အုပ်စု သည် ပြိုကွဲနေသည်ဟု ယူဆခဲ့ကြောင်း၊ သို့သော် ၎င်းသည် မှားယွင်းခဲ့ကြောင်း ဘိုင်ဒန်၏ ပြောဆိုမှုကို ကိုးကား၍ အိမ်ဖြူတော်မှ ထုတ်ပြန်သော ကြေညာချက် တစ်စောင်၌ ဖော်ပြထားသည်။

ယခု သီတင်းပတ် အကုန်ပိုင်းတွင် ရုရှား၏ စစ်အင်အားကို မြှင့်တင်ထောက်ပံ့မှု လုပ်ဆောင်ပေးနေသည့် လူပုဂ္ဂိုလ် များနှင့် ကုမ္ပဏီများကိုပါ အရေးယူ ပိတ်ဆို့မှုများ ထပ်မံချမှတ်သွားမည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

 အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ ယူကရိန်းသမ္မတ ဇာလန်းစကီးနဲ့ ဇနီးဖြစ်သူကိုတွေ့ရစဉ်

တွေ့ဆုံပွဲတွင် အမေရိကန်သည် ယူကရိန်းသို့ အမြောက်ဆန်များ၊ ကျည်ကာ ဖျက်ဆီးရေး စနစ်များ၊ လေကြောင်း ထောက်လှမ်းရေး ရေဒါများ အပါအဝင် ဒေါ်လာ သန်း ၅၀၀ တန်ကြေးရှိ ထပ်တိုး အကူအညီများ ပေးသွားမည်ဟု ဘိုင်ဒန်က ပြောကာ ရုရှားအပေါ် နောက်ထပ် အရေးယူ ပိတ်ဆို့မှုများ လုပ်ဆောင်သွားမည်ဟုလည်း ကတိပေးခဲ့ သည်။

ဘိုင်ဒန် မတိုင်ခင် ယူကရိန်းသမ္မတသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် အမေရိကန်သို့ ရောက်ရှိလာခဲ့ပြီး လွှတ်တော်တွင် မိန့်ခွန်းပြောခဲ့သည်။

ဘိုင်ဒန်၏ ယူကရိန်းခရီးစဉ်သည် ယူကရိန်းအားလုံးအတွက် အလွန်အမင်း အရေးပါသော အချက်ပြမှု ဖြစ်သည်ဟု ဇာလန်းစကီးက ပြောသည်။

ဘိုင်ဒန်နှင့် တွေ့ဆုံစဉ် ၎င်းတို့သည် တာဝေးပစ် လက်နက်များ၊ ယခင်က မထောက်ပံ့ ပေးခဲ့ဖူးသော်လည်း ယခု အထိ ထောက်ပံ့နေဆဲ လက်နက်များ နှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟု ဇာလန်းစကီးက ပြောသော်လည်း မည်သည့် ကတိကဝတ်များ ရရှိခဲ့သည်ကို မပြောခဲ့ပေ။

Source: Aljazeera