CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁

ကရင်လက်နက်ကိုင်များ သမိုင်းစဉ်ဆက် ညီညွတ်မှု မရှိဘဲ စည်းလုံးနိုင်ရေးအတွက် ရုန်းကန်နေရကြောင်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင်လည်း ကရင်လက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်းကြား သဘောထားများ ကွဲလွဲနေကြောင်း၊ အတတ် နိုင်ဆုံး ပြန်လည် ညှိနှိုင်းသင့်ကြောင်း ၎င်းက ပြောသည်။

မန်းအောင်ပြည်စိုးက “ကရင်တို့ရဲ့ စည်းလုံးညီညွတ်ရေးအတွက် ကရင်တို့ မဆုံးတဲ့ ရုန်းကန်ခြင်းများ လုပ်နေ ရတယ်၊ သမိုင်းအစဉ်အဆက် ကရင်တွေက ညီညွတ်စည်းရုံးမှု မရှိဘူး။ အခုအခြေအနေ ဆိုလို့ရှိရင်လည်း ကျော် မကောင်း ကြားမကောင်းပေါ့ဗျာ၊ ပြောရမယ်ဆိုလို့ရှိရင် ကရင်အချင်းချင်းတိုက်ကြ၊ ခိုက်ကြတယ်ဆိုတော့ ကျနော် ကတော့ ဘယ်လိုမှ မလိုလားဘူး။ အကြောင်းအမျိုးမျိုးကြောင့် သဘောထား ကွဲခဲ့ကြတယ် ဖြစ်ရင်တောင်မှ အတတ်နိုင်ဆုံး ပြန်လည်ညှိနှိုင်းကြဖို့ လိုတာပေါ့နော်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ထားဝယ်-ထီးခီးလမ်းကိုတွေ့ရစဉ်

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ နှင့် ကော်သူးလေတပ်မတော်(KTLA)တို့အကြား ဖေဖော်ဝါရီ ၂၀ ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲအတွင်း ကော်သူးလေတပ်မတော် တပ်ရင်း ၁ ကို သိမ်း ပိုက်နိုင်ခဲ့ကြောင်း KNU တပ်မဟာ ၄ ဘိတ်-ထားဝယ်အုပ်ချုပ်ရေးရုံးက ထုတ်ပြန်ခဲ့သည်။

ထို့အတူ တိုက်ပွဲအတွင်း ကော်သူးလေတပ်မတော်မှ တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကာ KNU တပ်မဟာ ၄ ဘက်မှ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ရရှိရေး ဆောင်ရွက်နေသည့်အချိန် တိုင်းရင်းသားအချင်းချင်း မညီညွတ်မှု အတွက် ရင်လေးစရာဖြစ်နေကြောင်း မန်းအောင်ပြည်စိုးက ပြောသည်။

၎င်းက “ကျနော်တို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ရရှိရေးအတွက် နိုင်ငံတော်အစိုးရနဲ့ ကျနော်တို့ တိုင်းရင်းသားတွေအားလုံး ညှိနှိုင်းဖို့ ကိစ္စမှာလည်း ခက်ခက်ခဲခဲနဲ့ ပြောကြဆိုကြရမယ်ဆိုတဲ့ အထဲမှာ တိုင်းရင်းသား မျိုးနွယ်စု တစ်ခုအချင်းချင်းက အဲဒီလို မညီမညွတ် ဖြစ်နေတယ်ဆိုရင်တော့ ကျနော်တို့ အင်မတန် ရင်လေးစရာပဲ ကြားရတာလည်း စိတ်မကောင်းဘူး။ ဖြစ်လည်း မဖြစ်စေချင်ဘူးပေါ့ဗျာ၊ ကျနော် အဲဒီလောက်ပဲ ပြောပါရစေ” ဟု ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်က KNU တပ်မဟာ ၄ နှင့် ကော်သူးလေတပ်မတော်(KTLA) တို့သည် တစ်ဖက်နှင့် တစ်ဖက် ဆက်ဆံရေး ပိုတင်းမာလာသည်ကို တွေ့ရကြောင်း၊ ကရင်လက်နက်ကိုင် အချင်းချင်းအကြား ဖြစ်ပေါ် သော ပဋိပက္ခများကို ဖြေရှင်းရာမှာ လက်နက်ဖြင့် ဖြေရှင်းခြင်းသည် ကရင်လူထုအနေဖြင့် လုံးဝလက်ခံနိုင်သည့် အရာ မဟုတ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကရင်လူထုများမှ သဘောထား ထုတ်ပြန်ခဲ့သည်။

KNU တပ်ဖွဲ့ကိုတွေ့ရစဉ်(KNU-fb)

ထို့နောက် နှစ်ဖက် အချင်းချင်းကြား ပဋိပက္ခများ ပိုမို ကြီးထွားလာပြီး လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းမှုများ ပါ ပါဝင်လာ၍ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ၊ ခြိမ်းခြောက်ပြောဆိုမှုများ၊ စွပ်စွဲပြောဆိုမှုများ ရှိလာခဲ့ကြောင်း၊ လက်ရှိတွင် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကော်သူးလေတပ်မတော်ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်းက ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) ၏ စစ်ဦးစီးချုပ် တာဝန်မှ ရပ်ဆိုင်းခြင်း ခံခဲ့ရသည့် ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ဖွဲ့စည်းခဲ့ပြီး KNU တပ်မဟာ ၄ နယ်မြေတွင် လှုပ်ရှားလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ကရင်လက်နက်ကိုင် တပ်ဖွဲ့များအနေဖြင့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်/ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA/PC)၊ ကော်သူးလေတပ်မတော်(KTLA)နှင့် ကရင်ပြည်နယ်ခြားစောင့်တပ် (BGF) စသဖြင့် အသီးသီး လှုပ်ရှုားလျက်ရှိနေသည်။