CNI International News

မင့်ခ်၊ ဖေဖော်ဝါရီ ၂၁

ဘယ်လာရုစ်နိုင်ငံသားများ၏ ငြိမ်းချမ်းရေးလိုလားမှုသည် ချနင်းခံရမည်ဟု အဓိပ္ပာယ် သက်ရောက်ခြင်း မရှိသောကြောင့် ဘယ်လာရုစ်သို့ ရောက်ရှိလာမည့် မည်သည့် ခြိမ်းခြောက်မှုမျိုးကိုမဆို ပြင်းပြင်းထန်ထန်၊ မြန်မြန်ဆန်ဆန် တုန့်ပြန်သွားမည်ဟု ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကို (Alexander Lukashenko) က တနင်္လာနေ့တွင် ပြောသည်။

မည်သည့် ရန်လိုမှုမျိုးကိုမဆို တုန့်ပြန်သွားမည်ဟု သမ္မတက ပြောသည်။ နိုင်ငံ၏ လုံခြုံရေး အယူအဆအပြင် စေတနာ့ဝန်ထမ်း တပ်ဖွဲ့များ ဖွဲ့စည်းရေး မူကြမ်းနှင့်ပတ်သက်၍ ဆွေးနွေးသော လုံခြုံရေးကောင်စီ အစည်းအဝေး တစ်ခုတွင် ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။

ဘယ်လာရုစ် နိုင်ငံသားများ၏ ငြိမ်းချမ်းမှုသည် ကိုယ့်ကိုယ်ကို စတေးခံရမည်ဟု အဓိပ္ပာယ်မဟုတ်ကြောင်းလည်း လူကာရှန်ကိုက ပြောခဲ့သည်ဟု BelTA သတင်းတွင် ဖော်ပြထားသည်။

အနောက်အုပ်စု ခေါင်းဆောင်တစ်ချို့၏ လက်နက်ပြိုင်ဆိုင်ခြင်း၊ နျူကလီးယားအရေး ငွေညှစ်ခြင်း စသည့် စစ်အေး တိုက်ပွဲတွင်းမှ အကြောင်းအရာများသည် ခေတ်သစ် နိုင်ငံတကာ အစီအစဉ်များပေါ် ပြန်လည် ရောက်ရှိ လာခဲ့ပြီဟု လူကာရှန်ကိုက ပြောသည်။

 အမေရိကန်သမ္မတဘိုင်ဒန်နဲ့ ယူကရိန်းသမ္မတဇာလန်းစကီးကိုတွေ့ရစဉ်

ပုံစံမျိုးစုံဖြင့်ရှိသည့် ရန်လိုသော မျိုးချစ်စိတ်၊ အစွန်းရောက် စိတ်တို့ကြောင့် ဖြစ်သည့် ခြိမ်းခြောက်မှု မြင့်တက်လာ ခြင်းကို သိသိသာသာ မြင်လာရကြောင်း၊ ခေတ်သစ် ဖက်ဆစ် အတွေးအခေါ်များ ခေါင်းထောင်လာကြောင်းလည်း ၎င်းက ပြောသည်။

အနောက်အုပ်စု၏ ဗိုလ်ကျစိုးမိုးမှုနှင့် ပတ်သက်၍ ဘယ်လာရုစ်နိုင်ငံတွင်းမှ ပထဝီနိုင်ငံရေး အကျိုးအမြတ်သည် ကာလရှည် ပုံပြင်တစ်ပုဒ်ဖြစ်ကြောင်း၊ ကိုယ်တိုင် ဝင်တိုက်စရာမလိုသော စစ်ပွဲစတင်ရန် နည်းပညာများနှင့် နည်းလမ်းများကို စဉ်ဆက်မပြတ် တိုးတက်လာကြောင်း၊ ထို့ကြောင့် ဘယ်လာရုစ်အနေဖြင့် ရှေ့ကိုကြိုမြင်ကာ အဆင်သင့်ဖြစ်နေရန် လိုအပ်ကြောင်းလည်း လူကာရှန်ကိုက အလေးပေး ပြောဆိုခဲ့သည်။

Source: တာ့စ်