CNI International News

တော်လင်း၊ စက်တင်ဘာ ၁၁

ဘယ်လာရုစ်နိုင်ငံတွင် လူကာရှန်ကိုအစိုးရက နိုင်ငံရေးပြိုင်ဘက်များကို ပြင်းထန်စွာဖိနှိပ်နေသဖြင့် ပြီးခဲ့သည့် ၄ နှစ် အတွင်း နိုင်ငံအတွင်းမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဘီလာရုစ်နိုင်ငံသား ၅ သိန်းကျော်ရှိခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

မည်သို့ပင်ဆိုစေ ထိုသို့ ထွက်ပြေးတိမ်းရှောင်သူများထဲမှ အချို့သည် ပြည်ပတွင် ဘဝသစ် စတင်နေသည့်တိုင် ဘယ်လာရုစ်အစိုးရ၏ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်ဟု ဆိုသည်။

ထိုသို့ ထွက်ပြေးတိမ်းရှောင်သူများအနက် အသက် ၂၈ နှစ်အရွယ် ဇီယန်နာ မေစီယန်ကာ(Dziana Maiseyenka) အမည်ရှိ အမျိုသမီး လည်း ပါဝင်ခဲ့သည်။ သူမသည် လွန်ခဲ့သည့် ၁ နှစ်ခန့်က ဘယ်လာရုစ်နိုင်ငံမှ ထွက်ပြေးလာခဲ့ပြီး ဂျော်ဂျီယာနိုင်ငံ တွင် ခိုလှုံရန် ကြိုးပမ်းခဲ့သည်။

မေစီယန်ကာသည် ပြည်တွင်းတွင် ဆိုးရွားသည့် အခြေအနေမှ လွတ်မြောက်ရန် အာမေးနီးယားနယ်စပ်ကို ဖြတ်သန်းပြီး ဂျော်ဂျီယာသို့ ဝင်ရောက်ချိန်တွင် ဖမ်းဆီးထိန်းသိမ်းခံရသည်။

ဘယ်လာရုစ်အစိုးရသည် ၎င်းအား နိုင်ငံတကာဖမ်းဝရမ်း ထုတ်ထားသဖြင့် ထိုကဲ့သို့ ဖမ်းဆီးခြင်းခံခဲ့ရပြီး မတည်ငြိမ်မှု များကို စီစဉ်ပြုလုပ်မှု စွဲချက်များဖြင့် ရင်ဆိုင်ခဲ့ရသည်။

ဘယ်လာရုစ်သမ္မတ  လူကာရှန်ကို ကိုတွေ့ရစဉ်

သူမ၏ ဖခင်ဖြစ်သူသည်လည်း အလားတူ စွဲချက်များဖြင့် ထောင်ဒဏ် ၃ နှစ်နီးပါး ချမှတ်ခံခဲ့ရပြီး ပြီးခဲ့သည့် နှစ်က ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း နောက်တစ်ကြိမ် ဖမ်းဆီးခံခဲ့ရသည်။

ဘယ်လာရုစ်သမ္မတ  လူကာရှန်ကို (Alexander Lukashenko) သည် ၎င်း၏ ဆယ်စုနှစ် ၃ စုကြာ အာဏာသက် တမ်းတိုးရန်အတွက် လာမည့်နှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ၌ ၇ ကြိမ်မြောက် သက်တမ်းကို ရရှိရန် ကြိုးပမ်း နေသည်။

ထိုသို့ ကြိုးပမ်းနေချိန်တွင် ပြည်တွင်း/ပြည်ပရှိ အတိုက်အခံ ခေါင်းဆောင်များကို ခြိမ်းခြောက်ဖိနှိပ်မှုများ အရှိန်မြှင့် လုပ်ဆောင်လျက်ရှိသည်။

၂၀၂၀ ပြည့်နှစ်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ အပြီးတွင်လည်း နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၆၅,၀၀၀ ခန့် ဖမ်းဆီးခံခဲ့ရကြောင်း ဘယ်လာရုစ် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ Viasna က ထုတ်ပြန်ခဲ့ သည်။

ထိုသို့ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသူများထဲတွင် Viasna အဖွဲ့ကို ထူထောင်သည့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အဲလက်စ် ဘီယာလီယက်စကီး (Ales Bialiatski) လည်း ပါဝင်ခဲ့သည်။

Source: အေပီ