CNI International News

တယ်လင်း၊ မတ်လ ၇

နိုင်ငံတွင်းမှ ထွက်ပြေးနေရသော အတိုက်အခံခေါင်းဆောင် ဆဗီယက်လာနာ ဆစ်ဟာနိုဆကာယာ (Sviatlana Tsikhanouskaya) အား ဘယ်လာရုစ် တရားရုံးတစ်ခုက တနင်္လာနေ့တွင် ထောင်ဒဏ် ၁၅ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့ သည်ဟု AP သတင်း၌ ဖော်ပြသည်။

အစိုးရအား ဖြုတ်ချရန် အပါအဝင် စွပ်စွဲချက်များကို သူမ မတက်ရောက်နိုင်ခဲ့သော တရားခွင်အတွင်း စစ်ဆေးခဲ့ ခြင်းဖြစ်ကာ ယင်းက ဘယ်လာရုစ်အစိုးရ၏ အတိုက်အခံများအပေါ် ဖိနှိပ်မှုများမှ နောက်ဆုံး တစ်ခုလည်း ဖြစ်သည်။

ဆစ်ဟာနိုဆကာယာသည် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ အလက်ဇန္ဒား လူကာရှန်ကို အား ယှဉ်ပြိုင်ခဲ့ဖူးသူ ဖြစ်သည်။

သူမအပေါ် တရားစီရင်မှု၊ ပြစ်ဒဏ်ချမှတ်မှုသည် ဘယ်လာရုစ်အစိုးရ၏ လက်စားချေမှုသာဖြစ်ပြီး လွတ်လပ်မှု အတွက် ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု သူမက ပြောသည်။

ဘယ်လာရုစ်သမ္မတ လူကာရှန်ကို ကိုတွေ့ရစဉ် (Reuters)

ပြီးခဲ့သည့် သြဂုတ်လ ရွေးကောက်ပွဲ ရလဒ်များကြောင့် နိုင်ငံသမိုင်းတွင် အကြီးမားဆုံးသော ဆန္ဒပြပွဲများ ပေါ်ပေါက် ခဲ့ရသည်။ လူကာရှန်ကိုသည် ဆန္ဒပြသူများကို အရက်စက်ဆုံး ချေမှုန်းခဲ့ပြီး အတိုက်အခံများသည် အစိုးရအား ဖြုတ်ချရန် စီစဉ်နေသည်ဟု စွပ်စွဲခဲ့သည်။

ဆစ်ဟာနိုဆကာယာသည် လစ်သူယေးနီးယားသို့ ထွက်ပြေးခဲ့ရပြီး ထင်ရှားသော နိုင်ငံရေးသမားများနှင့် တက်ကြွ လှုပ်ရှားသူများသည်လည်း ဖမ်းဆီးခြင်း သို့မဟုတ် နိုင်ငံမှထွက်ခွာရန် ဖိအားပေးခြင်းများဖြင့် ရင်ဆိုင်ခဲ့ရသည်။

ဆစ်ဟာနိုဆကာယာနှင့် တခြားသော အတိုက်အခံလေးဦးကို ဘယ်လာရုစ် မြို့တော်မင့်ခ် (Minsk) မြို့တွင် အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံပိုင် Belta သတင်း အေဂျင်စီမှ ထုတ်ပြန်ထားသော ဓာတ်ပုံများတွင်လည်း တရားခံများ၏ နေရာ လွတ်နေ သည်ကို မြင်တွေ့ခဲ့ရသည်။ ၎င်းတို့အပေါ် ချမှတ်ထားသည့် စွပ်စွဲချက်များတွင် အစွန်းရောက် အဖွဲ့တစ်ခုကို ဖွဲ့စည်း တည်ထောင်ကာ အမျိုးသားလုံခြုံရေးကို ထိခိုက်စေမှုလည်း ပါဝင်သည်။

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် အဲလက်ဘီယာလီယတ်စကီကိုတွေ့ရစဉ်(GETTY IMAGES)

စစ်ဆေးမှုများအတွင်း သူမသည် တရားခံ ရှေ့နေဖြစ်သူအား ဆက်သွယ်၍ပင် မရခဲ့ဟု ဆစ်ဟာနိုဆကာယာ က ပြောသည်။ ဘယ်လာရုစ်တွင် တရားဥပဒေနှင့် တရားစီရင် စနစ်များ အလုပ်မလုပ်တော့ကြောင်း နိုင်ငံသည် အကြီးစား KGB အဖြစ်သို့ ပြောင်းလဲလာကြောင်းလည်း သူမက ပြောခဲ့သည်။

ဆစ်ဟာနိုဆကာယာသည် ထောင်ဒဏ်အပြင် ဒဏ်ငွေ ဒေါ်လာ ၁၁၀၀၀ ပေးဆောင်ရန်လည်း အမိန့်ချ မှတ်ခံခဲ့ ရပြီး တခြားသော အတိုက်အခံများသည်လည်း ထောင်ဒဏ် ၁၈ နှစ်၊ ၁၂ နှစ် အသီးသီး ချမှတ်ခံခဲ့ရသည်။

၂၀၂၀ ခုနှစ်၊ သြဂုတ်လ ရွေးကောက်ပွဲကြောင့်ဖြစ်သော ဆန္ဒပြမှုများကို ဘယ်လာရုစ် အစိုးရက ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခဲ့ပြီး လူပေါင်း ၃၅၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ထိန်းသိမ်းခံရသူများတွင် ၂၀၂၀ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် အဲလက်ဘီယာလီယတ်စကီ (Ales Bialiatski) လည်း ပါဝင်ခဲ့ပြီး ၎င်းကို ပြီးခဲ့သည့် သီတင်းပတ်တွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်။

ဆစ်ဟာနိုဆကာယာသည် ၎င်း၏ ခင်ပွန်းဖြစ်သူအစား လူကာရှန်ကို နှင့် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ် သည်။ သူမ၏ ခင်ပွန်းဖြစ်သူ ထက်ရှားသည့် အတိုက်အခံနိုင်ငံရေးသမား ဆီယာဟိုင် ဆီဟာနိုစကီသည် ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် ဖမ်းဆီးခြင်းခံခဲ့ရပြီး ထောင်ဒဏ် ၁၈ နှစ် ချမှတ် ခံထားရသည်။

Source: AP