CNI International News

ဘက်ခ်မွတ်၊ မတ်လ ၇

တိုက်ပွဲများပြင်းထန်နေသော ယူကရိန်းအရှေ့ပိုင်း ဘက်ခ်မွတ်မြို့သည် ရုရှားအတွက် စစ်ဆင်ရေးကိစ္စများထက် အထိမ်းအမှတ်အဖြစ်သာ အရေးပါကြောင်း၊ အဆိုပါမြို့ ကျဆုံးသွားမည်ဆိုလျှင်ပင် ယင်းသည် တိုက်ပွဲအတွင်း ရုရှားအနေဖြင့် အရှိန်ရလာသည့် အဓိပ္ပါယ်မျိုးမဟုတ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) က ပြောသည်ဟု အယ်လ်ဂျာဇီးယားသတင်းတွင် ဖော်ပြသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဘက်ခ်မွတ်မြို့အနီးတွင် တိုက်ပွဲများပြင်းထန်လာကာ ရုရှားတပ်များသည် မြို့ကို ဘက်ပေါင်းစုံနီးပါးမှ တိုက်ခိုက်လျက်ရှိသည်။ ဘက်ခ်မွတ်သည် ရုရှားအတွက်စစ်ဆင်ရေး၊ မဟာဗျူဟာအရေးများ ထက်စာလျှင် အထိမ်းအမှတ်တန်ဖိုးက ပိုများသည်ဟုထင်ကြောင်း ဂျော်ဒန်သို့ ရောက်နေသည့် အော်စတင်က တနင်္လာနေ့တွင် ပြောခဲ့သည်။

ရုရှားတို့အနေဖြင့် မြို့ကိုသိမ်းပိုက်နိုင်မည်လား (သို့မဟုတ်) မည်သည့်အချိန်တွင် သိမ်းပိုက်နိုင်မည်လဲဆိုသည်ကို ခန့်မှန်းသွားမည်မဟုတ်ကြောင်းလည်း ၎င်းက ပြောသည်။ ဘက်ခ်မွတ်မြို့ ကျသွားခဲ့လျှင်ပင် ယင်းကရုရှားတို့ အနေဖြင့် ယူကရိန်းစစ်ပွဲအတွင်း အောင်မြင်မှုရရှိနေသည်ဟု မဆိုလိုနိုင်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆို ခဲ့သည်။

ရုရှားအနေဖြင့် ဘက်ခ်မွတ်မြို့ကို သိမ်းပိုက်နိုင်ခဲ့မည်ဆိုလျှင် ယင်းသည် ၎င်းတို့အတွက် အထိအခိုက် အကျအဆုံး များသော ဆောင်းရာသီထိုးစစ်ဆင်မှု၏ ပထမဆုံးသော အောင်မြင်မှုဖြစ်လာမည် ဖြစ်သည်။ သို့သော် တပ်ဖွဲ့များ အနေဖြင့် ခဲယမ်းများရှားပါးနေဆဲဖြစ်ကြောင်း၊ သစ္စာဖောက်ခံရမှုဖြစ်နိုင်ကြောင်း ဝဂ်နာကြေးစားတပ်ဖွဲ့ ခေါင်းဆောင်က တနင်္လာနေ့တွင် ပြောခဲ့သည်။ဝဂ်နာ (Wagner) အဖွဲ့သည် ရုရှား၏ယူကရိန်းကျူးကျော်စစ် အတွင်း ထိုးစစ်ဆင်မှုများကို ဦးဆောင်ပြုလုပ်နေသည့်အဖွဲ့လည်း ဖြစ်သည်။

ဘက်ခ်မွတ်မြို့အနီးတွင် ယူကရိန်းစစ်သည်များ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်နေစဉ်(ဓါတ်ပုံ-အေအက်ဖ်ပီ)

ဝဂ်နာခေါင်းဆောင် ယက်ဗ်ဂန်နီ ပရီဂိုရှင်း(Yevgeny Prigozhin)နှင့် ရုရှားကာကွယ်ရေးဌာနတို့အကြား အားပြိုင်မှုများရှိနေပြီး ကာကွယ်ရေးဌာနသည် ၎င်းတို့အားထောက်ပံ့နေမှုများကို ရပ်တန့်ထားသည်ဟု ပရီဂိုရှင်းက စွပ်စွဲသည်။

ပူတင်၏ မဟာမိတ်တစ်ဦးဖြစ်သော ပရီဂိုရှင်း၏ ဝဂ်နာအဖွဲ့သည် ဘက်ခ်မွတ်မြို့အားသိမ်းပိုက်ရေး ကာလရှည် တိုက်ပွဲဝင်လျက်ရှိသည်။ အကြောင်းပြချက်က သာမာန်ဗျူရိုကရက်စနစ်ကြောင့်လား သို့မဟုတ် သစ္စာဖောက်မှုလားဆိုသည်ကို သိအောင်ကြိုးစားနေသည်ဟု ပရီဂိုရှင်းက ပြောသည်။ ၎င်းတို့တပ်ဖွဲ့များအတွက် ခဲယမ်းများ ရှားပါးနေမှုအပေါ် ရည်ညွန်းပြောဆိုခြင်းဖြစ်သည်။

ဘက်ခ်မွတ်မြို့မှ ဝဂ်နာတပ်ဖွဲ့များ ဆုတ်ခွာလာရမည်ဆိုလျှင် ရှေ့တန်းစစ်မျက်နှာတစ်ခုလုံး ပြိုလဲသွားမည် ဖြစ်ကြောင်း၊ ယင်းသည် ရုရှားအကျိုးစီးပွားကို ကာကွယ်ပေးနေသည့် စစ်မျက်နှာတိုင်းအတွက် ကောင်းမွန်သည့် အရာမဟုတ်ကြောင်း ပရီဂိုရှင်းက ပြောခဲ့သည်။

တစ်ဖက်တွင်လည်း ဘက်ခ်မွတ်မြို့ရှိ ယူကရိန်းတပ်မှူးဖြစ်သူက ၎င်းတို့အနေဖြင့် မြို့မှ ဆုတ်ခွာရန် အမိန့်မရထား ကြောင်း၊ ခုခံမှုများကို ပြင်းပြင်းထန်ထန်လုပ်ဆောင်နေရကြောင်း ပြောသည်။

Source:Aljazeera