CNI International News

တဲလ်အဗစ်၊ ဖေဖော်ဝါရီ ၆

ယူကရိန်းသမ္မတကို “မသတ်ပါ” ဟူသော ကတိကို ရုရှားသမ္မတထံမှ ရရှိခဲ့သည်ဟု အစ္စရေးဝန်ကြီးချုပ်ဟောင်းက ပြောကြောင်း AP သတင်းတွင် ဖော်ပြသည်။

အစ္စရေးဝန်ကြီးချုပ်ဟောင်း နက်ဖ်တာလီ ဘန်းနက် (Naftali Bennett) က ထိုသို့ပြောခဲ့ခြင်းဖြစ်သည်။ ဘန်းနက် သည် ယူကရိန်းစစ်ပွဲ စတင်ချိန်တွင် ကြားဝင်စေ့စပ်သူတစ်ဦးအဖြစ် တာဝန်ယူခဲ့ရပြီး ၎င်းသည် စစ်ဖြစ်ပွားနေချိန် မော်စကိုမြို့သို့ သွားရောက်ကာ ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် တွေ့ဆုံခဲ့သည့် အနောက် အုပ်စု ခေါင်းဆောင်များမှတစ်ဦးလည်း ဖြစ်သည်။

ဘန်းနက်၏ ကြားဝင်စေ့စပ်ရေး ကြိုးပမ်းမှုများသည် ယနေ့အထိ သက်ဆိုးရှည်နေဆဲ သွေးထွက်သံယိုစစ်ပွဲကို အဆုံးသတ်ပေးရန်ဖြစ်သည်။ စနေ့နေ့နှောင်းပိုင်းတွင် ထွက်ပေါ်လာသော အင်တာဗျူးပါ အကြောင်းအရာများ သည် ယူကရိန်းစစ်ပွဲ၏ အစောပိုင်းနေ့ရက်များကတည်းက ယင်းကို မြန်မြန်ဆန်ဆန် အဆုံးသတ်နိုင်ရေးအတွက် နောက်ကွယ်မှ သံတမန်ရေးရာဆိုင်ရာ ကြိုးပမ်းမှုများနှင့် အားထုတ်မှုများကို ဖော်ပြနေသည်။ တခြား အကြောင်း အရာများပါ ပါဝင်သော ငါးနာရီကြာ အင်တာဗျူးတွင် ဘန်းနက်က ၎င်းသည် ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီး (Volodymyr Zelenskyy) အား သတ်ရန်ရည်ရွယ်ချက်ရှိမရှိ ပူတင်ကိုမေးမြန်းခဲ့သည်ဟုပြောသည်။

ပူတင်က ဇာလန်းစကီးကို သတ်မည်မဟုတ်ဟု ပြန်လည်ဖြေကြားခဲ့ကြောင်း၊ ကတိတည်နိုင်မလား ထပ်မံ မေးမြန်း ခဲ့ရာတွင် ဇာလန်းစကီးကို သတ်မည်မဟုတ်ဟု ပူတင်က ထပ်မံပြောကြားခဲ့ကြောင်း ဘန်းနက်က ပြောကာ အဆိုပါ အာမခံချက်နှင့်ပတ်သက်၍ ဇာလန်းစကီးကို အကြောင်းကြားခဲ့သည်ဟုလည်း ဆိုသည်။

(ဘယ်မှညာ) ဗိုလိုဒီမီယာ ဇာလန်းစကီးနှင့်အတူ အိန်ဂျလာမာကယ်လ်၊ အီမန်နွယ် မက်ခရွန်နှင့် ဗလာဒီမာ ပူတင်တို့ကို ပါရီ ဆွေးနွေးပွဲတစ်ခုတွင် တွေ့ရစဉ်(ဓါတ်ပုံ- စီအန်အန်) 

ဇာလန်းစကီးဘက်မှ သေချာရဲ့လားဟု ပြန်လည်မေးမြန်းခဲ့ကြောင်းနှင့် ပူတင်၏စကားအတိုင်း ၎င်းကိုအာမခံခဲ့ ကြောင်းလည်း ဇာလန်းစကီးက အင်တာဗျူးတွင် ပြန်ဖြေခဲ့သည်။ စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲအတွင်း ပူတင်က ၎င်းအနေဖြင့် ယူကရိန်း၏လက်နက်ချရေး၊ နေတိုးအဖွဲ့သို့ မဝင်ဆိုသည့် ဇာလန်းစကီး၏ ကတိစကားတို့ကို ရရှိရန် ကြိုးပမ်းနေသည်ဟု ပြောခဲ့သည်။

အင်တာဗျူးဖြေကြားချက်များနှင့် ပတ်သက်၍ ရုရှားဘက်က ချက်ချင်းတုန့်ပြန်မှု မပြုလုပ်သေးပေ။ဇာလန်းစကီး ကိုသတ်ရန် ရည်ရွယ်ချက်ရှိသည်ဆိုသည့် သတင်းများအပေါ် ရုရှားအစိုးရသည် ယခင်ကတည်းက ငြင်းဆိုထား သည်။

ဘန်းနက်သည် အစ္စရေးဝန်ကြီးချုပ်အဖြစ် ခြောက်လသာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ ၎င်းကိုယ်၎င်း နိုင်ငံတကာ သံတမန်အရေးရာဘက်သို့ ကူးပြောင်း၍ အစ္စရေးနိုင်ငံအား ရုရှားနှင့်ယူကရိန်းတို့အကြား မသက်မသာ အခြေအနေတွင်းသို့ သွင်းခဲ့သည်။

အီရန်၏ ခြိမ်းခြောက်မှုနှင့်ကြုံလာလျှင် ရုရှားနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိခြင်းသည် မဟာဗျူဟာမြောက် ကိစ္စရပ်တစ်ခုဖြစ်သော်လည်း အနောက်အုပ်စုနိုင်ငံများနှင့် ဆက်ဆံရေး အခြေအနေများကြောင့် ယူကရိန်းကို ထောက်ပံ့ပေးကြောင်းပြသရန်လည်း လိုအပ်သည်ဟု အစ္စရေးဘက်က ရှုမြင်ထားသည်။

Source:AP