CNI International News

ကိယက်ဗ်၊ မတ်လ ၂၈

အနောက်နိုင်ငံများသည် သူရဲဘောကြောင်ကြကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇာလန်းစကီးက မတ်လ ၂၇ ရက်တွင် စွပ်စွဲလိုက်ပြီး တစ်ဆက်တည်းမှာပင် ရုရှားအနေဖြင့် မိမိတို့နိုင်ငံကို မြောက်ကိုရီးယားနှင့်တောင်ကိုရီးယားကဲ့သို့ နှစ်ပိုင်း ကွဲ စေရန် ကြိုးစားနေကြောင်း ယူကရိန်းအစိုးရအဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားခဲ့သည်ဟု အေပီသတင်းအရ သိရသည်။

ဇာလန်းစကီးသည် ၎င်းနိုင်ငံကို ရုရှားကျူးကျော်စစ်မှ တွန်းလှန်ရန်အတွက် တိုက်လေယာဉ်နှင့် တင့်ကားများ အကူအညီပေး ကြဖို့ စိတ်မရှည်သည့် လေသံဖြင့် ထပ်မံတောင်းခံခဲ့သည်။

ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသကို အဓိကအာရုံစိုက်လာကြောင်း ရုရှားဘက်မှ ထုတ်ဖော်ပြောကြားခဲ့သဖြင့် နိုင်ငံ ထက် ခြမ်းကွဲမည့်အရေးအတွက် ယူကရိန်းသည် စိုးရိမ်မှုတိုးလာနေသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ အာဏာစက် ဆက်မရှိစေရေး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က မိန့်ခွန်းပြောကြားခဲ့ပြီး နောက် ယခုကဲ့သို့ ဇာလန်းစကီး၏ ပြောကြားချက် ထွက်ပေါ်လာခဲ့သည်။ ဘိုင်ဒန်၏ မိန့်ခွန်းတွင် ပါရှိခဲ့သည့် အသုံးအနှုန်းများ ကိုတော့ တင်းမာသည့် လေသံအဖြစ်မှ လျှော့ချဖို့ အိမ်ဖြူတော်က ကြိုးပမ်းခဲ့သေးသည်။

ဘိုင်ဒန်ကိုတွေ့ရစဉ်(GETTY IMAGES)

ရုရှားဒုံးကျည် တိုက်ခိုက်မှုကြောင့် ယူကရိန်းအရပ်သားများ သေဆုံးနေပြီး ကျန်ရှိသူများလည်း ပိတ်မိလျက်ရှိရာ အနောက် အုပ်စု နိုင်ငံများထံမှ စစ်ရေးနှင့်လေယာဉ် အကူအညီမှာ ပင်ပေါင်ကစားသလို တစ်ယောက်နှင့်တစ်ယောက် လွှဲချနေကြ ကြောင်း ဇာလန်းစကီးက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

“ဒီကနေ့ မာရီယူပေါလ်က ခံစစ်သမားတွေနဲ့ စကားပြောပြီးပါပြီ။ ကျနော်နဲ့သူတို့နဲ့ အမြဲတမ်း အဆက်အသွယ်ရှိပါတယ်။ သူတို့ရဲ့သန္နိဋ္ဌာန်၊ သူရဲကောင်းဆန်မှုနဲ့ စိတ်ဓာတ်ခိုင်မာမှုတွေ အံ့ဩစရာပါ” ဟု စစ်ပွဲတွင် အထိနာခဲ့ဆုံးဖြစ်ခဲ့ပြီး ဝိုင်းရံခံနေရ သည့် ယူကရိန်းတောင်ပိုင်းရှိ အဆိုပါမြို့ကို ရည်ညွှန်းလျက် ဇာလန်းစကီးက ဗွီဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

“ဂျက်တိုက်လေယာဉ်နဲ့ တင့်ကား ဆယ်ဂဏန်းလောက် ဘယ်လိုလွှဲပေးရမလဲဆိုတာ တစ်လမှာ ၃၁ ရက်လောက် စဉ်းစား နေတဲ့သူတွေရဲ့ သတ္တိကတော့ တစ်ရာခိုင်နှုန်းပဲ ရှိတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ယူကရိန်းတပ်ဖွဲ့ကိုတွေ့ရစဉ်(Reuters)

ဇာလန်းစကီးသည် ၎င်းအစိုးရ၏ ကြားနေမှုကို ကြေညာခဲ့ပြီး ရုရှားအပေါ် လုံခြုံရေး အာမခံချက် ရရှိစေမည်ဟု အစောပိုင်းက ထုတ်ပြန်ခဲ့သည့်အတိုင်း ထပ်တလဲလဲ ပြောကြားသွားဦးမည်ဖြစ်ကြောင်း၊ ထိုအာမခံချက်များတွင် ယူကရိန်း၌ နျူကလီးယား ကင်းစင်ရေး ထိန်းသိမ်းသွားရန်လည်း ပါဝင်ကြောင်း လွတ်လပ်သောမီဒီယာများမှ ရုရှားသတင်းထောက်များကို မတ်လ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

ရုရှားတပ်များ ရုပ်သိမ်းပြီးလျှင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ယူကရိန်းမဲဆန္ဒရှင်များ၏ လိုလားချက်အတိုင်း ရပ်တည် မှာဖြစ်သလို မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့(နေတိုး)ထဲ မပါဝင်ဘဲ ကြားနေရေး မူဝါဒအတိုင်းလည်း ရပ်တည်သွားမည်ဟု ၎င်းက သတင်းထောက်များကို ဆက်လက် ပြောကြားခဲ့သည်။

ရုရှားတပ်များ ပြန်ဆုတ်သွားပြီး လအနည်းငယ်အကြာတွင် ယူကရိန်းပြည်သူများ၏ ဆန္ဒခံယူပွဲဖြင့် မဲခွဲဆုံးဖြတ်နိုင်ကြောင်း ဇာလန်းစကီးက ထပ်လောင်းပြောကြားခဲ့သည်။

Source: AP