CNI International News

ဝါရှင်တန်၊ မတ်လ ၂၈

ရုရှားသမ္မတ ဗလာဒီမာပူတင် အာဏာ ဆက်လက် တည်မြဲနိုင်မည်မဟုတ်ကြောင်း ပြောကြားမှုအပြီးတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ထိုပြောကြားမှုသည် ရုရှားနိုင်ငံတွင် အစိုးရအပြောင်းအလဲ ပြုလုပ်ဖို့ တောင်းဆိုခြင်းမဟုတ်သလို မိမိတို့ထံ၌ မူဝါဒမရှိကြောင်း မတ်လ ၂၇ ရက်တွင် ထပ်မံရှင်းလင်းခဲ့သည်။

မတ်လ ၂၆ ရက်တွင် ပိုလန်နိုင်ငံသို့ ရောက်ရှိစဉ် ဘိုင်ဒန်ပြောကြားခဲ့သော သဘောထား မှတ်ချက်များ၌ ပူတင်ကို သားသတ် သမားဟု သုံးနှုန်းခြင်းလည်း ပါဝင်ခဲ့ပြီး ယူကရိန်းကို ကျူးကျော်မှုနှင့်ပတ်သက်၍ ရုရှားဘက်သို့ အမေရိကန် ချဉ်းကပ်မှု သိသိ သာသာ တိုးပွားလာပုံရကြောင်း ရိုက်တာသတင်းက ဖော်ပြထားသည်။

ဘိုင်ဒန်၏ ပြောကြားချက်ကို မတ်လ ၂၇ ရက်တွင် အမေရိကန်ထိပ်တန်း သံတမန်များက အတည်မပြုဘဲ ပယ်ချခဲ့ကြပြီး ဝါရှင်တန်ရှိ ခရစ်ယာန် ဘုရားကျောင်းတစ်ကျောင်းမှ ထွက်ခွာချိန်၌ သတင်းထောက်တစ်ဦးက “ရုရှားတွင် အစိုးရ အပြောင်း အလဲ လုပ်ဖို့ တောင်းဆိုသည့် သဘောလား” ဟု မေးမြန်းရာ ဘိုင်ဒန်က “မဟုတ်ကြောင်း” ပြန်လည် ဖြေကြားခဲ့သည်။

မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့(နေတိုး)ဆိုင်ရာ အမေရိကန်သံအမတ် ဂျူလီယန်စမစ် (Julianne Smith) က အစောပိုင်း ဘိုင်ဒန်၏ သဘောထားမှတ်ချက်ကို ဆက်စပ်ဖော်ပြရန် ကြိုးပမ်းခဲ့သည်။ ဘိုင်ဒန်သည် ပိုလန်နိုင်ငံ၊ ဝါဆောမြို့၌ ယူကရိန်း ဒုက္ခသည်များနှင့်တွေ့ဆုံစဉ် အဆိုပါ သဘောထားမှတ်ချက်ကို ပြောကြားခဲ့ခြင်းဖြစ်သည်။

ပူတင်ကိုတွေ့ရစဥ်(getty images)

ရုရှား၏ ကျူးကျော်စစ်ကြောင့် တစ်လတာကာလအတွင်း ယူကရိန်း၏ စုစုပေါင်း လူဦးရေ ၄၄ သန်းအနက် ၄ ပုံ ၁ ပုံမှာ နေရပ် စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

“အခု လောလောဆယ်မှာတော့ အဲဒီနေ့က သမ္မတ ပြောလိုက်တာဟာ သူကြားလိုက်တဲ့ ဖြစ်စဉ်တွေအပေါ် လူသားဆန် အခြေ ခံ တုံ့ပြန်မှုလို့ ကျနော်ထင်ပါတယ်။ ရုရှားမှာ အစိုးရအပြောင်းအလဲစေဖို့ အမေရိကန်မူဝါဒ မရှိပါဘူး” ဟု ဂျူလီယန်စမစ်က ရှင်းပြသည်။

ဘိုင်ဒန်သည် ပူတင်ကို စစ်တိုက်ဖို့ အခွင့်အာဏာ မပေးနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က အစ္စရေးနိုင်ငံ၊ ဂျေရုဆလင်မြို့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

သို့သော် ရုရှား၏ အနာဂတ် ခေါင်းဆောင်မှုဆိုင်ရာ အဆုံးအဖြတ်သည် ရုရှားပြည်သူများ အပေါ်တွင်သာ မူတည်ကြောင်း ဘိုင်ဒန်က ပြောကြားခဲ့ကြောင်း အမေရိကန်သံတမန်များက ပြန်လည်ရှင်းလင်းခဲ့ကြသည်။

ဘိုင်ဒန်နဲ့ အမေရိကန်စစ်သားများကိုတွေ့ရစဉ်(Reuters)

ဘိုင်ဒန်၏ သဘောထား မှတ်ချက်များသည် ကံမကောင်း အကြောင်းမလှစွာဖြင့် မှားယွင်းနေကြောင်း အမေရိကန်ပြည်တွင်းရှိ ရီပတ်ဘလီကန်အမတ်များက ပြတ်ပြတ်သားသား ဝေဖန်ခဲ့ကြသည်။

ဘိုင်ဒန်၏မှတ်ချက်သည် အလွန်အန္တရာယ်များသည့် မှားယွင်းမှုဖြစ်ကြောင်း၊ သမ္မတအနေဖြင့် ဇာတ်ညွှန်းအတိုင်း ဆက်ရှိနေ စေလိုကြောင်း အမေရိကန် အထက်လွှတ်တော်၊ နိုင်ငံခြားဆက်ဆံရေးကော်မတီမှ ထိပ်တန်းရီပတ်ဘလီကန်အမတ် ဂျိမ်းစ်ရီ ချက် (James Risch) က ပြောကြားခဲ့သည်။

လွှတ်တော်မှ နိုင်ငံခြားဆက်ဆံရေး ကော်မတီတွင် ပါဝင်သည့် တခြား ဆီးနိတ်အမတ် တစ်ဦးဖြစ်သူ ပေါ့တ်မန်း (Portman) ကလည်း “ဒီစကားလုံးဟာ ရုရှားဝါဒဖြန့်တဲ့သူတွေ လက်ထဲရောက်သွားသလို ဗလာဒီမာပူတင်ရဲ့ လက်ထဲကိုပါ ရောက်သွားပါ ပြီ။ ဒါကြောင့် ဒီစကားဟာ အမှားတစ်ခုပါပဲ” ဟု NBC မီဒီယာသို့ ညည်းညူပြောကြားခဲ့သည်။

Source: Reuters