CNI International News

ဝါရှင်တန်၊ နိုဝင်ဘာ ၃

ယခု နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် ရလဒ်များကို လက်ခံရန် ငြင်းဆန်သည့် ရီပက်ဘလီကန် အမတ်လောင်းတချို့၏ ခြိမ်းခြောက်မှုများ ရှိနေကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က နိုဝင်ဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။

အကယ်၍ ၎င်းတို့ ရှုံးနိမ့်ခဲ့ပါက ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှုဖြစ်ပြီး ရီပက်ဘလီကန် အမတ်များအား လှုံ့ဆော်ပေးခဲ့သည့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ဘိုင်ဒန်က အပြစ်တင်ခဲ့သည်။

“မဲပေး မမှားကြပါစေနဲ့။ ဒီမိုကရေစီဆိုတာ ကျနော်တို့ အားလုံးအတွက်ပါ”ဟု ဘိုင်ဒန်က ဆက်လက် ပြောကြားခဲ့ သည်။

အမေရိကန်သမ္မတဟောင်း ထရမ့်ကိုတွေ့ရစဉ် (GETTY IMAGES)

ဒီမိုကရက်တစ် အမတ်များက အမေရိကန် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်ကို ချုပ်ကိုင်ထားမလား (သို့မဟုတ်) ရီပက်ဘလစ်ကန်တွေကို အာဏာလွှဲပြောင်းပေးမှာလား စသည်ဖြင့် အဆုံးအဖြတ် မထွက်ပေါ်လာခင် ရက်ပိုင်းအလိုတွင် ၎င်း၏မိန့်ခွန်းထဲတွင် ဘိုင်ဒန်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။

လွှတ်တော်အမတ်များ စုဝေးလေ့ရှိရာ ကာပီတယ်(လွှတ်တော်)အဆောက်အအုံနှင့် အတော်အတန် မဝေးလှသည့် ဝါရှင်တန်မြို့တော်ရှိ Union Station တွင် မိန်ခွန်းပြောကြားရာ၌ ဘိုင်ဒန်က “မကြာသေးမီက ဆန်ဖရန်စစ္စကို နေအိမ်ရှိ အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ၏ ခင်ပွန်း ပေါလ်ပလိုစီ တိုက်ခိုက်ခံရမှုဖြစ်စဉ်” ကိုလည်း ထည့် သွင်း ပြောကြားသည်။

ထိုဖြစ်စဉ်သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက် အမေရိကန် ကာပီတယ်(လွှတ်တော်) အဆောက်အအုံ အဓိကရုဏ်းအပြီး နှစ်နှစ်မပြည့်သေးမီ ထပ်မံ၍ ဒီမိုကရေစီ ခြိမ်းခြောက်ခံရမှု သက်သေ ထောက်အထားဖြစ် ကြောင်း ဘိုင်ဒန်က ထပ်လောင်း ပြောကြားခဲ့သည်။

 အမေရိကန် လွှတ်တော်အဓိကရုဏ်း (GETTY IMAGES)

“အိမ်ထဲဝင်လာတဲ့သူက နန်စီ ဘယ်မှာလဲ၊ ဘယ်မှာလဲလို့ မေးတယ်‌ဗျ။ အဲဒီလေသံဟာ မနှစ်က ဇန်နဝါရီ ၆ ရက် ကာပီတယ်ကို ဝင်စီးတုန်းက လူအုပ်ကြီး အော်တဲ့လေသံမျိုးနဲ့ အတူတူပဲလေ” ဟု ၎င်းက ဖြည့်စွက် ပြောကြား ခဲ့သည်။

“ကျနော်တို့ အခုရောက်နေတဲ့ အခိုက်အတန့်ကို ရှည်ရှည်ဝေးဝေး တွေးခေါ်မြော်မြင်ကြပါ” ဟု မဲဆန္ဒရှင် ပြည်သူ များကို ဘိုင်ဒန်က တိုက်တွန်းခဲ့သည်။

ယခုအခါ ဘိုင်ဒန်သည် နောက်ထပ် ၄ နှစ် ရာထူးသက်တမ်း ရနိုင်ခြင်း ရှိ/မရှိ အဆုံးအဖြတ် တစ်ရပ် ထွက်ပေါ်လာ ဖို့ လုပ်ဆောင်နေသည်။

တစ်ချိန်တည်းမှာပင် ၂၀၂၄ ခုနှစ်တွင် သမ္မတရွေးကောက်ပွဲ ဝင်ရန် စဉ်းစားနေသည့် ထရမ့်သည် ယခု ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် ရလဒ်များကို ငြင်းဆန်သူ များပြားလာအောင် လှုံ့ဆော်နေသည်ဟုလည်း ဘိုင်ဒန်က အပြစ်တင်ခဲ့ကြောင်း ရိုက်တာက ဖော်ပြခဲ့သည်။

Source: Reuters