CNI International News

မွန်းစတား (ဂျာမနီ)၊ နိုဝင်ဘာ ၃

စက်မှုဖွံ့ဖြိုးပြီး ဒီမိုကရေစီ ၇ နိုင်ငံ (G-7) မှ ထိပ်တန်း သံတမန်များသည် ယူကရိန်းသို့ ရုရှားကျူးကျော်စစ် ဂယက် ရိုက်မှုများနှင့် တရုတ် စီးပွားရေးဩဇာ ကြီးထွားလာမှုတို့ကို ဆွေးနွေးကြမည် ဖြစ်ကြောင်း အေပီသတင်းတစ်ပုဒ် တွင် တွေ့ရသည်။

ယခုသီတင်းပတ်အတွင်း ဂျာမနီနိုင်ငံတွင် နှစ်ရက်ကြာ ဆွေးနွေးပွဲ စတင်သည့်အခါ G-7 အုပ်စုဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများက ထိုင်ဝမ်နှင့် အီရန်တို့အပေါ် ဆက်ဆံရေးကိုလည်း ထည့်သွင်း ဆွေးနွေးမည်ဟု မျှော်မှန်းရသည်။

ဂျာမနီနိုင်ငံ အနောက်ပိုင်း မွန်းစတား (Munster) မြို့တွင် G-7 အုပ်စုဝင်များ ဖြစ်ကြသည့် ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်နှင့် အမေရိကန် စသည့် ၇ နိုင်ငံတို့သည် တစ်နှစ်နီးပါးကြာ ဖြစ်ပွားနေသော ယူကရိန်းအရေးကို မည်သို့ ဆက်လက် ထိန်းကျောင်းမလဲဆိုသည်ကို အဓိကထား ဆွေးနွေးကြရန် လျာထားသည်။

ယူကရိန်းအလံကို လွှင့်ထားသော အမျိုးသမီးကိုတွေ့ရစဉ် (AP)

ယခင် ဆိုဗီယက်ပြည်ထောင်စုဝင်ဟောင်း ဖြစ်ခဲ့သည့် ယူကရိန်းသို့ ဆက်လက် ကျူးကျော်စစ် ဖြစ်နေမည်ဆိုပါက နောက်ထပ် ကြီးမားသော အကျိုးဆက် ရှိလာမည့်အကြောင်း ရုရှားကို ထပ်မံ သတိပေးရန် ၎င်းတို့က ရည်ရွယ် ထား ကြသည်။

အလားတူ သတိပေးမှုကိုလည်း ကျူးကျော်စစ် အမှန်တကယ် မစတင်မီက G-7 အုပ်စုအတွင်း ရုရှားကို ဒဏ်ခတ် အရေးယူရန် ကတိပြုဖူးခဲ့ကြပြီး G-7 နိုင်ငံအများစုက ထိုကတိအတိုင်း လိုက်နာဆောင်ရွက်ခဲ့ကြသည်။

ယခုအခါ ယူကရိန်း၏ အရပ်ဘက် အခြေခံ အဆောက်အအုံကို မော်စကိုက တိုးမြှင့်တိုက်ခိုက်လာခဲ့ပြီး နယ်မြေ သိမ်းပိုက်ခြင်းနှင့်အတူ ဗျူဟာမြောက် နျူကလီးယား လက်နက်သုံးစွဲရန် အလားအလာ များလာကြောင်း အေပီက ဆက်လက် ရေးသားခဲ့သည်။

ထို့အတွက် မော်စကိုအပေါ် G-7 ၏ ဒဏ်ခတ်ပိတ်ဆို့မှုများမှာ အနည်းငယ် ထိရောက်ခဲ့သည်။

G-7 နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲတက်ဖို့ရောက်လာတဲ့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး (AP)

၎င်းအစည်းအဝေးတွင် ဝန်ကြီးများ ကိုင်တွယ်ဖြေရှင်းရန် မူလက မျှော်လင့်ထားသည့် အကျပ်အတည်း တစ်ခုကို တော့ နိုဝင်ဘာ ၂ ရက်တွင် ရှောင်ရှားခဲ့ကြသည်။

ယင်းသို့ ရှောင်ရှားခဲ့ခြင်းမှာ ယူကရိန်း၏ ဂျုံစပါးနှင့် အခြား ကောက်ပဲသီးနှံများကို ကမ္ဘာ့ဈေးကွက်ထဲသို့ ပို့နိုင် အောင် စစ်အတွင်း သဘောတူညီချက်အား ပြန်လည်စတင်ရန် ရုရှားက လက်ခံလိုက်၍ ဖြစ်ကြောင်း အေပီသတင်း အရ သိရသည်။

သို့သော်လည်း ယူကရိန်းအရေးအတွက် ၎င်းတို့စဉ်းစားကြရာတွင် စွမ်းအင်ထောက်ပံ့မှု အပါအဝင် အခြား အဟန့် အတား ရှိသော ရှုထောင့်များလည်း ကျန်ရှိနေသေးသည်။

ယခုအခါ ယူကရိန်းသည် ဓာတုဗုံး (dirty bomb) ကို သုံးစွဲရန် ပြင်ဆင်နေသဖြင့် မိမိတို့ဘက်မှ နျူကလီးယားဖြင့် တုံ့ပြန်ကောင်း တုံ့ပြန်နိုင်သည်ဟု ရုရှားက ပြောကြားထားသည်။

Source: AP