CNI International News

မော်စကို၊ နိုဝင်ဘာ ၃

ရုရှားနိုင်ငံ၏အနောက်ဘက် နယ်စပ်အနီးတွင် တပ်စွဲထားသည့် မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့(နေတိုး) တပ်အင်အားသည် ၃ သောင်းကျော် ရှိသွားပြီဟု ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျေရွှိုင်ဂု (Sergey Shoigu) က ပြောကြားခဲ့ကြောင်း မော်စကိုအခြေစိုက် အာရ်တီသတင်းဌာနက ရေးသားဖော်ပြသည်။

အမေရိကန်ဦးဆောင်သော နေတိုးစစ်အုပ်စုသည် ဥရောပအလယ်ပိုင်းနှင့် အရှေ့ပိုင်းတို့အပြင် ဘော်လကန်ဒေသ နှင့် ဘော်လ်တစ်ပင်လယ်ဒေသနိုင်ငံများတွင်လည်း တပ်ဖွဲ့များ တိုးချဲ့လာကြောင်း ရွှိုင်ဂုက ဆက်လက်ပြောကြား ခဲ့သည်။

“ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက အခုဆိုရင် တပ်အင်အား ၃ သောင်းကျော်အထိ နှစ်ဆခွဲလောက် တိုးလာတာ တွေ့ရပါတယ်။ မဝေးတော့တဲ့အနာဂတ်ဆိုရင် ဒီထက် ပိုတိုးလာနိုင်ပါတယ်” ဟု ဘယ်လာရုစ်နိုင်ငံမှ စစ်တပ် အရာရှိများ၊ ပူးတွဲဝန်ကြီးများနှင့် အစည်းအဝေး၌ ရွှိုင်ဂုက မှတ်ချက်ချခဲ့သည်။

အနောက်အုပ်စုတပ်များ ထိုသို့စုစည်းနေခြင်းသည် မော်စကိုအတွက်သာမက ရုရှား၏မဟာမိတ် ဘယ်လာရုစ် အတွက်ပါ ခြိမ်းခြောက်လာကြောင်း ၎င်းက ပြောကြားခဲ့သည်။

 နေတိုးအဖွဲ့ဝင် ပေါ်တူဂီ စစ်သားများ စစ်ရေးလေ့ကျင့်နေစဉ်(ဓါတ်ပုံ-AFP)

မိမိတို့နှစ်နိုင်ငံစလုံး၏ ကာကွယ်ရေးသည် ရုရှားဖက်ဒရေးရှင်းနှင့် ဘယ်လာရုစ်တို့အတွက် ဦးစားပေးတာဝန်များ ဖြစ်ကြကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

“ရုရှားနှင့် ထိပ်တိုက်တွေ့မှုအတွက် အနောက်အုပ်စု၏ အဆုံးစွန်ဆုံးရည်ရွယ်ချက်မှာ ရုရှား၏ စီးပွားရေးနှင့် စစ်ရေးအလားအလာများကို ဖျက်ဆီးရန်ဖြစ်ကြောင်း၊ ထို့ပြင် လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒ ကျင့်သုံး နိုင်စွမ်းကို ဆုံးရှုံးစေရန်လည်း ၎င်းတို့ကြံရွယ်ထားကြောင်း” ရွှိုင်ဂုက ရှင်းပြခဲ့သည်။

ယူကရိန်းသို့ ရုရှား၏ထိုးစစ်ကို တုံ့ပြန်သည့်အနေဖြင့် နေတိုးသည် ဥရောပအရှေ့ဘက်ပိုင်းတွင် တပ်ဖွဲ့ဝင် အင်အားနှင့် လက်နက်သိုလှောင်ရေးတို့ကို ရုရှားဟန့်တားသည့်အတိုင်းအတာအဖြစ် တိုးမြှင့်ခဲ့သည်။

ပြီးခဲ့သည့် ဇွန်လတွင် ထုတ်ပြန်ခဲ့သော မဟာဗျူဟာစာတမ်းထဲတွင် ရုရှားသည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ အတွက် အထင်ရှားဆုံးနှင့် တိုက်ရိုက်အကျဆုံး ခြိမ်းခြောက်မှုအဖြစ် နေတိုးကို ရည်ညွှန်းဖော်ပြခဲ့သည်။

ထိုစဉ်က နေတိုးအထွေထွေအတွင်းရေးမှူးချုပ် ဂျန့်စ်စတိုလန်ဘတ်က “၎င်းတို့စစ်ရေးအစုအဖွဲ့၏ လျင်မြန်သော တုံ့ပြန်နိုင်စွမ်းအင်အားသည် ၇ ဆတိုးလာကြောင်း၊ တပ်အင်အား ၃ သိန်းကျော်အထိ မြှင့်တင်သွားမည် ဖြစ်ကြောင်း” ပြောကြားခဲ့ဖူးသည်။

Source: အာရ်တီသတင်းဌာန