CNI International News

ဝါရှင်တန်၊ နိုဝင်ဘာ ၃

ဆော်ဒီအာရေဗျနှင့် အမေရိကန်တို့ ထောက်လှမ်းရေးသတင်းများ အပြန်အလှန် ဝေငှချက်အရ အီရန်သည် မကြာမီ ဆော်ဒီကို တိုက်ခိုက်ရန် ပြင်ဆင်ကောင်း ပြင်ဆင်လာနိုင်ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူ ၃ ဦးက နိုဝင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

ကျယ်ပြန့်စွာ ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများကို တီဟီရန်အစိုးရ ဖြိုခွဲခဲ့ပြီးနောက် ဆော်ဒီသို့ အီရန် တိုက်ခိုက်လာနိုင် သည့် အလားအလာနှင့်ပတ်သက်၍ စိုးရိမ်ပူပန်စရာများ ရှိလာခဲ့ကြောင်း၊ ထို့ပြင် ယူကရိန်းစစ်ပွဲတွင် ရုရှားသုံးရန် အီရန်လုပ် ဒရုန်းများ ပေးပို့ခဲ့ခြင်းအတွက်ကြောင့် ပိုမို၍ စိုးရိမ်စရာ ကောင်းလာကြောင်း ၎င်းတို့က ပြောကြားခဲ့ကြသည်။

“ခြိမ်းခြောက်လာတဲ့ ပုံစံတွေအပေါ် ကျနော်တို့ စိုးရိမ်တယ်။ ပြီးတော့ ကျနော်တို့နဲ့ ဆော်ဒီဟာ စစ်ဘက်နဲ့ ထောက်လှမ်းရေး လမ်းကြောင်းတွေကနေ တဆင့် စဉ်ဆက်မပြတ် အဆက်အသွယ် လုပ်နေပါတယ်” ဟု အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ၏ ထုတ်ပြန်ချက်ထဲတွင် ရေးသားဖော်ပြထားသည်။

အမေရိကန် စစ်ဘက်အကြီးအကဲ တစ်ဦးကိုတွေ့ရစဉ် (AP)

“အဲဒီဒေသတွင်း (အရှေ့အလယ်ပိုင်း)မှာရှိတဲ့ ကျနော်တို့ အကျိုးစီးပွားတွေနဲ့ မိတ်ဖက်တွေကို ကာကွယ်ရေး အတွက် လုပ်ဆောင်စရာ လုပ်ဆောင်ဖို့ ကျနော်တို့ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး” ဟု ထုတ်ပြန်ချက်ထဲတွင် ဆက်လက် ရေးသားထားသည်။

အီရန် တိုက်ခိုက် လာနိုင်သည်ဆိုသော သတင်းအချက်အလက်နှင့်ပတ်သက်ပြီး သဘောထားမှတ်ချက်ပေးရန် အေပီက ဆက်သွယ်ခဲ့သော်လည်း ဆော်ဒီအစိုးရဘက်မှ တုံ့ပြန်ခြင်း မရှိပေ။

အထက်ပါအတိုင်း အမေရိကန်၏ ပြောဆိုချက်များမှာ အခြေအမြစ်မရှိဟု ကုလသမဂ္ဂဆိုင်ရာ အီရန်၏ မစ်ရှင်အဖွဲ့ ကတော့ အေပီသတင်းဌာနသို့ နိုဝင်ဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။

“အနောက်အုပ်စုနဲ့ ဇီယွန်ဝါဒီ(အစ္စရေး)လိုလားတဲ့ အစိုးရတွေဟာ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံအပေါ် အပျက် သဘောဆောင်တဲ့ စိတ်ခံစားချက်တွေ ပေါ်ပေါက်အောင် ဖန်တီးပြီး ဒေသတွင်းနိုင်ငံတွေနဲ့ လက်ရှိ အပြုသဘော ဆောင်တဲ့ လမ်းကြောင်းတွေကို ဖျက်ဆီးဖို့ ရည်ရွယ်တဲ့၊ ဘက်လိုက်တဲ့ သတင်းတွေက ဖြန့်နေတာပါ” ဟု အီရန် မစ်ရှင်က ထုတ်ပြန်ချက် တစ်စောင်ဖြင့် တုံ့ပြန်ခဲ့သည်။

ဆော်ဒီနဲ့ အီရန် ခေါင်းဆောင်များကို တွေ့ရစဉ် (GETTY IMAGES)

ထောက်လှမ်းရေးသတင်း ဝေငှခဲ့မှုကို အတည်ပြုခဲ့သော အမေရိကန်အရာရှိ တစ်ဦးကတော့ “အဆိုပါသတင်းသည် မကြာမီ (သို့မဟုတ်) နောက်ထပ် ၄၈ နာရီအတွင်း တိုက်ခိုက်မည်ဟု ယုံကြည်စိတ်ချရသော ခြိမ်းခြောက်မှု တစ်ရပ်ပင် ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

အရှေ့အလယ်ပိုင်း ဒေသတွင်းရှိ အမေရိကန်သံရုံး (သို့မဟုတ်) ကောင်စစ်ဝန်ရုံးမှနေ၍ ဆော်ဒီ (သို့မဟုတ်) ဒေသ တွင်း အခြားနေရာများတွင် အမေရိကန်နိုင်ငံသားများအပေါ် အရေးပေါ် သတိပေးချက် (သို့မဟုတ်) လမ်းညွှန်ချက် ထုတ်ပြန်ထားခြင်းတော့ မတွေ့ရသေးပေ။

အဆိုပါ သတင်းနှင့်ပတ်သက်၍ အမေရိကန် တာဝန်ရှိသူများက အများသိစေရန် သဘောထား မှတ်ချက် ပေးခြင်း မရှိသလို ၎င်းတို့၏ အမည်များကို မဖော်ပြဘဲ ပြောဆိုမှုများသာ ရှိသေးသည်။

ယင်းကဲ့သို့ ဆော်ဒီဘက်မှ ဝေငှလာသည့် ထောက်လှမ်းရေး သတင်းများအကြောင်း မေးမြန်းခဲ့ရာ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်မှ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးချုပ် ပက်ရိုင်ဒါ (Pat Ryder) က “မိမိတို့ အမေရိကန် စစ်ဘက်အရာရှိများ အနေဖြင့် ဒေသတွင်း ခြိမ်းခြောက်မှု အခြေအနေအတွက် စိုးရိမ်မကင်း ဖြစ်မိ နေကြောင်း” အေပီသို့ ပြောကြားခဲ့သည်။

Source: AP