CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃

တရုတ် - မြန်မာ နယ်စပ်မှာ အမေရိကန်နိုင်ငံ၏ ဩဇာခံ နိုင်ငံတစ်ခု ပေါ်လာမှာကို တရုတ်မှ စိုးရိမ်သည့်ပုံ ပေါက်နေကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

ထို့အတူ မြန်မာနိုင်ငံတွင် စစ်ရေး၊ စီးပွားရေး တည်ငြိမ်မှုကို တရုတ်လိုလားကြောင်း၊ မြန်မာနိုင်ငံ အစိတ်စိတ် အမွာမွာ ကွဲသွားမှာကို တရုတ်က လိုလား ပုံ မ‌ပေါ်ကြောင်း ၎င်းက ပြောသည်။

ဒေါက်တာအေးမောင်က “တရုတ်နိုင်ငံဖက်က ပြန်ကြည့်ရင်လည်း မြန်မာနိုင်ငံနဲ့ နယ်ချင်းကပ်နေတဲ့ အရှည်လျား ဆုံး နယ်နိမိတ်ဖြစ်တဲ့အခါမှာ မြန်မာနိုင်ငံ နိုင်ငံရေးတည်ငြိမ်တာ၊ စစ်ရေးတည်ငြိမ်တာ၊ စီးပွားရေး တည်ငြိမ်တာ ကို တရုတ်က လိုလားတယ်၊ မြန်မာနိုင်ငံ အစိတ်စိတ် အမွာမွာ ကွဲသွားမှာကို တရုတ်က လိုလားပုံ မပေါက်ဘူး။ သူ့နိုင်ငံ အကျိုးအတွက်ရော သူ့နယ်စပ်မှာ အမေရိကန် ဩဇာခံ နိုင်ငံတစ်ခု ပေါ်ထွန်းလာမှာကို အင်မတန် စိုးရိမ် တဲ့ပုံ ပေါက်တယ်၊ တစ်ဖက်ဖက်က ပြန်ကြည့်ရင် မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှုနဲ့ မပြိုကွဲမှုကို တရုတ်ဖက်က အားပေးတဲ့ပုံ ပေါက်တယ်၊ ဒါလည်း မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းအောင် ဘယ်လို ပေါင်းစည်းမှာလည်း ဆိုတဲ့ အယူအဆကို တကယ်တမ်း ဆောင်ရွက်ကြရမှာက ပြည်ထောင်စုအစိုးရဖက်က တနည်းအားဖြင့် SAC ဖက်က ဖြစ်တဲ့အခါမှာ ဒီပြဿနာရဲ့ ဇစ်မြစ်ကို သူတို့ဖက်က ပြန်သုံးသပ်ဖို့ လိုတာပေါ့” ဟု CNI သတင်းဌာနသို့ ပြော သည်။

UWSA ခေါင်းဆောင် ဦးပေါက်ယူချန်းနဲ့ ဆွန်ကော်ရှန်ကိုတွေ့ရစဉ် (AFP)


လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားလျက်ရှိနေပြီး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့သည် အမေရိကန်နှင့် နီးစပ်ကြောင်း၊ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တရုတ်အစိုးရမှ စိုးရိမ်ပူပန်မှု ရှိသည်ဟု ယူဆ ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “KIA ဆိုတာက အမေရိကန် လိုလားတဲ့လူတွေ ဖြစ်နေတာကို သမိုင်းအဆက်ဆက်က ရှိခဲ့တာကို ဒုတိယ ကမ္ဘာစစ်က အတွေ့အကြုံကရော၊ တရုတ်အစိုးရက အခုမှ နားလည်း သဘောပေါက်ပြီပေါ့နော်၊ ပေါက်တယ်လို့ လည်း ထင်ပါတယ်၊ အဲဒီတော့ ဒီလူတွေ ကြီးထွားလာလို့လည်း မဖြစ်ဘူး။

၂၀၁၆ ခုနှစ်၊ ဇူလိုင်လက မိုင်ဂျာယန်မြို့မှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် ဆွန်ကော်ရှန်နဲ့ KIA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးအင်ဘန်လကိုတွေ့ရစဉ်

နောက်တစ်ခုက ဦးယွက်စစ်ပေါ့၊ တောင်ပိုင်းက SSA ဆိုရင်လည်း ဒါက ပင်ကိုသဘာဝအရ အမေရိကန်လိုလားသူ ဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ အဲဒီနှစ်ဖွဲ့ကိစ္စနဲ့ ပတ်သက်လို့ကတော့ တရုတ်အစိုးရမှာ စိုးရိမ်ပူပန်မှု ရှိတယ်လို့ ထင်ပါတယ်၊ အဲဒီတော့ ဒီနှစ်ဖွဲ့နဲ့ ပတ်သက်လို့လည်း တရုတ်အစိုးရ အနေနဲ့လည်း မှန်ကန်တဲ့ မူဝါဒတွေ ချမှတ်နိုင်ပါစေလို့ ကျနော့်အနေနဲ့ မျှော် လင့် ပါတယ်” ဟု ပြောသည်။

မြန်မာပြည် နိုင်ငံရေး ပဋိပက္ခများကြောင့် ၎င်းတို့ နိုင်ငံအတွင်း ဒုက္ခသည်များ ရောက်လာမည်ကို တရုတ် မလို လားကြောင်း၊ ၎င်းတို့၏ အကျိုးစီးပွားအတွက် မြန်မာနိုင်ငံ တည်ငြိမ်မှုကိုသာ လိုလားကြောင်း ဒေါက်တာအောင် မျိုးက ပြောသည်။

တရုတ် - မြန်မာ နှစ်နိုင်ငံနယ်နိမိတ်မှာ မိုင်ပေါင်း ၁၃၀၀ ကျော် ထိစပ်လျက်ရှိပြီး နယ်စပ်အနီးတွင် RCSS၊ KIA၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA)၊ မြန်မာနိုင်ငံ အမှန်တရား နှင့် မျှတမှု အမျိုးသားပါတီ (MNDAA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA)၊ ပလောင်ပြည် လွတ် မြောက်ရေးတပ်ဦး (PSLF/TNLA) စသည့် လက်နက်ကိုင် အဖွဲ့အစည်းများ လှုပ်ရှားလျက်ရှိသည်။