CNI International News
ဘေကျင်း၊ ဒီဇင်ဘာ ၃
မြန်မာနိုင်ငံ၏ တပ်မတော်အစိုးရသည် တရုတ်၏ စီးပွားရေးလုပ်ငန်းများကို သူပုန်များ၏ တိုက်ခိုက်မှုရန်မှ ကာကွယ်ရန် တရုတ်နှင့်အတူ လုံခြုံရေးကုမ္ပဏီတစ်ခု ထူထောင်ရန် စီစဉ်နေသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
ထိုကုမ္ပဏီ ထူထောင်ရေးအတွက် ပြင်ဆင်မှုများပြုလုပ်ရန် ကော်မတီတစ်ခု ထူထောင်ခဲ့ကြောင်း၊ ထိုအစီအစဉ်ကို တရုတ်ဘက်က အဆိုပြုခဲ့ခြင်းဖြစ်ကြောင်း တရုတ်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ထိုကုမ္ပဏီသည် မြန်မာနိုင်ငံအတွင်းရှိ အခြေခံ အဆောက်အအုံများနှင့် သယံဇာတ စီမံကိန်းများ၊ အထူးသဖြင့် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများနှင့်ဆက်နွှယ်သည့် လုပ်ငန်းများကို ကာကွယ်ရန်ဖြစ်သည်ဟု ဆိုသည်။
ထို့ပြင် ဒေသတွင်း မတည်ငြိမ်မှုများနှင့် လုံခြုံရေး စိုးရိမ်မှုများ ဖြစ်ပွားနေချိန်တွင် ထိုအစီအစဉ်သည် တရုတ်၏ ပတ်လမ်း၊ ရပ်ဝန်းစီမံကိန်း (BRI) အောက်ရှိ တရုတ်က ထောက်ပံ့ထားသည့် စီမံကိန်းများကို ဘေးကင်းလုံခြုံစေ ရန် ရည်ရွယ်သော အားထုတ်ကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
တရုတ်ဝန်ကြီးချုပ် လီချန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာကို လွှဲပြောင်းရယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့သဖြင့် အခြေခံ အဆောက်အအုံများနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများသည် တိုက်ခိုက်ခံရနိုင်သော အနေအထားတွင် ရှိနေသည်။
မြန်မာနိုင်ငံကိုဖြတ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် အိန္ဒိယသမုဒ္ဒရာကို ချိတ်ဆက်သည့် တရုတ်-မြန်မာ စီးပွားရေးရပ်ဝန်း(CMEC) ကဲ့သို့ မြန်မာနိုင်ငံတွင် တရုတ်၏ အကြီးစား အခြေခံအဆောက်အအုံ စီမံကိန်းများ ရှိနေသည်။
ထို့ပြင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှင့်အတူ ရခိုင်ပြည်နယ်တွင် ကျောက်ဖြူရေနက် ဆိပ်ကမ်းလည်း တရုတ်၏ လူသိအများဆုံး စီမံကိန်းတစ်ခုဖြစ်သည်။
ထိုစီမံကိန်းများသည် အိန္ဒိယသမုဒ္ဒရာအတွင်းသို့ ရေလမ်းကြောင်းများမှတဆင့် ဝင်ရောက်ရန် တရုတ်အတွက် မဟာဗျူဟာမြောက် အရေးကြီးသည့် စီမံကိန်းများဖြစ်သည်။
လက်ရှိ တရုတ်က အဆိုပြုထားသည့် လုံခြုံရေးကုမ္ပဏီသည် မြန်မာနှင့် တရုတ်ကုမ္ပဏီများအကြား အကျိုးတူ ပူးပေါင်းလုပ်ကိုင်သည့် ကုမ္ပဏီဖြစ်လာမည်ဖြစ်ပြီး တရုတ်၏ စီမံကိန်များကို ကာကွယ်ရန် ပုဂ္ဂလိက လုံခြုံရေး အမှုထမ်းများ ချထားဖွယ်ရှိသည်။
Source: Nikkei Asia