CNI News

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄

ပြီးခဲ့သည့် မိုးစပါးစိုက်ရာသီတွင် ရာဂီမုန်တိုင်းကြောင့် စပါးပင်များ ရေမြုပ်ပြီး အထွက်နှုန်း လျော့ကျခဲ့သည့် အတွက် နွေစပါးတွင် စိုက်ပျိုးမှုဧက ပိုများနေကြောင်း တောင်သူများထံမှ သိရသည်။

လာမည့် နွေစပါးစိုက်ရာသီတွင် ဧက ၃ သန်း စိုက်ပျိုးထုတ်လုပ်နိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က မျှော်မှန်းထားသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ပုံမှန်နှစ်များတွင် နွေစပါးစိုက်ဧက ၁၇ သိန်းခန့်သာ ရှိသော်လည်း ယခုနှစ်တွင် စိုက်ဧက သိန်း ၂၀ ခန့် ရှိနိုင်ကြောင်း၊ မိုးစပါးတွင် ရေမြုပ်သွားသည့် လယ်များအပြင် လက်ရှိ စပါးဈေးနှုန်း ကောင်းမွန်နေခြင်းကြောင့် ယခင်နှစ်က နွေစပါးမစိုက်ကြသည့် လယ်များသည်လည်း နွေစပါးကို တိုးချဲ့စိုက်ပျိုး လာကြသည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ (ဟောင်း) ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

“မိုးတွင်းက မြုပ်သွားတဲ့ လယ်တွေထဲမှာ အနိမ့်ပိုင်းကျတဲ့လယ်တွေ၊ ရေနဲ့နီးတဲ့ လယ်တွေကျတော့ စပါးပဲ ပြန်စိုက်တယ်။ နောက်ပြီးတော့ အရင်နှစ်တွေက မလုပ်ဖြစ်တဲ့မြေတွေ ကျယ်ပြီးတော့ မြေလွတ်မြေရိုင်းများတဲ့ ဒေသတွေမှာလည်း ဒီနှစ် နွေစပါးတွေ ထပ်ပြီးတော့ စိုက်လာကြတယ်။ ဆိုတော့ နွေစပါးစိုက်ဧက များပါတယ်။ ခါတိုင်းနှစ်ထက် ပိုများပါတယ်။ နောက်ပြီးတော့ လက်ရှိ အခု ဒီအချိန်မှာ စပါးဈေးက အောက်တန်းစပါးတောင် သိန်း ၂၀ လေ။ စပါးဈေးလေး သင့်တာရယ်၊ နောက်ပြီးတော့ မိုးတွင်းက ရေမြုပ်သွားတဲ့ လယ်ကွင်းတွေမှာက ပဲပြန်လုပ်လိုက်ပြန်တော့လည်း ပဲက မိုးရွာတော့ ရေတက်တယ်လေ။ တချို့ ပဲပျက်သွားတဲ့ အနိမ့်ကွင်းတွေလည်း စပါးပြန်စိုက်ကြတယ်။ ခါတိုင်းက ၁၇ သိန်းလောက် စိုက်တယ်။ ဒီနှစ် ၁၇ သိန်းအစား သိန်း ၂၀ လောက်တောင် ဖြစ်သွားနိုင်တယ်” ဟု ပြောသည်။

စပါးများခြွေလှေ့နေစဉ်

မြန်မာနိုင်ငံ၌ နှစ်စဉ် နွေစပါးစိုက်ပျိုးမှု အခြေအနေကို လေ့လာကြည့်ပါက ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်တွင် ၂ ဒသမ ၄၅ သန်း ရှိခဲ့ပြီး နှစ်စဉ် စိုက်ဧက တိုးတက်လာခဲ့ရာ လက်ရှိ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် ဧက ၃ သန်းအထိ ရောက်ရှိသွားနိုင်သည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

သို့သော်လည်း လက်ရှိတွင် နွေစပါးစိုက်ပျိုးရာ၌ အလုပ်သမားစရိတ်၊ စက်သုံးဆီ၊ ဓာတ်မြေဩဇာ စသည့် ဈေးနှုန်းများသည် ယခင်နှစ်ထက် မြင့်တက်နေခြင်းကြောင့် နွေစပါးစိုက်ပျိုးစရိတ်သည် တစ်ဧကလျှင် ၃ သိန်း အထိ တိုးလာသည်ဟု ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်မှ စပါးစိုက်တောင်သူ ဦးအေးဝင်းက CNI သတင်း ဌာနသို့ ပြောသည်။

“နွေစပါးစိုက်ဧကက ခါတိုင်းတုန်းက နေ့စားခက ၁ သောင်းပဲ ရှိတယ်လေ။ ဒီနှစ်က နေ့စားခ အနည်းဆုံး ၁ သောင်းခွဲလောက် ရှိတယ်။ ဟိုနှစ်တုန်းက ဒီဇယ်က တစ်ပေပါကို ၅ သိန်း၊ ၆ သိန်းပဲ ရှိတယ်လေ။ ဒီနှစ်က ပရီမီယမ်ဆိုရင် ၈ သိန်းဝန်းကျင်လောက် ရှိတယ်လေ ဒီဇယ်ဈေးကလေ။ မနှစ်ကတုန်းက ယူရီးယား မြေဩဇာ ဈေးက ၇ သောင်းခွဲ၊ ၈ သောင်းလောက်ပဲ ရှိတယ်။ ဒီနှစ်က သိန်းကျော်တယ်လေ၊ ၁ သိန်း ၂ သောင်းလောက် ရှိတယ်။ အဲဒီတော့ ကုန်ကျစရိတ်ကတော့ မနှစ်ကနဲ့စာရင် ၁ ဧကပေါ်မှာ ၃ သိန်းလောက် ပိုများဖွယ်ရှိတယ်” ဟု ပြောသည်။

နွေစပါးကို ဧရာဝတီတိုင်းဒေသကြီးတွင် စိုက်ပျိုးမှု အများဆုံးဖြစ်ပြီး နှစ်စဉ် စိုက်ဧက ၁ ဒသမ ၇ သန်း၊ ရန်ကုန်တိုင်းတွင် စိုက်ဧက ၂ သိန်းခွဲ၊ မန္တလေးတိုင်းဒေသကြီးတွင် စိုက်ဧက ၅ သောင်းနှင့် မွန်ပြည်နယ်တွင် စိုက်ဧက ၄ သောင်းကျော်ရှိပြီး တခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း စိုက်ပျိုးကြကြောင်း သိရသည်။