CNI International News

ရှန်ဟိုင်း၊ ဒီဇင်ဘာ ၆

တရုတ်ကားကုမ္ပဏီများသည် ဥရောပသို့  နှစ်မျိုးစပ် (ဓာတ်ဆီ/ဒီဇယ်-လျှပ်စစ်) ကားများ တင်ပို့ရောင်းချမှုကို အရှိန်မြှင့်တင်နေပြီး အဓိကဈေးကွက်အတွက် ကားမော်ဒယ်အသစ်များအား တင်ပို့ရောင်းချရန် စီစဉ်နေကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ဥရောပသမဂ္ဂက ၎င်းတို့၏ ပြည်တွင်း ကားလုပ်ငန်းကို ကာကွယ်ရန်အတွက် ဈေးပေါသည့် တရုတ်လျှပ်စစ်ကား များအပေါ် အခွန်တိုးကောက်ခဲ့ပြီးနောက် တရုတ်၏ အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဥရောပသမဂ္ဂ၏ အခွန်တိုးကောက်သည့် ကားအမျိုးအစားများထဲတွင် နှစ်မျိုးစပ်ကားများ မပါဝင်သဖြင့် တရုတ်၏ ထိပ်သီး လျှပ်စစ်ကားထုတ်လုပ်သည့် BYD ကဲ့သို့ နာမည်ကြီး ကုမ္ပဏီများ၏ နှစ်မျိုးစပ် ကားမော်ဒယ်များကို ဥရောပဈေးကွက်တွင် ပိုမိုမြင်တွေ့လာရနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

တရုတ်ထုတ်ကားကိုတွေ့ရစဉ်

"တရုတ်ရဲ့ နှစ်မျိုးစပ်ကားတွေ တင်ပို့ရောင်းချမှုအား မြင့်တက်လာတာဟာ ဥရောပသမဂ္ဂက တရုတ်ရဲ့ လျှပ်စစ် ကားတွေကို အခွန်တိုးကောက်မယ့် အစီအစဉ်ကို တန်ပြန်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်" ဟု Counterpoint Research အဖွဲ့မှ ကျွမ်းကျင်သူ မာတူဇာ အလီ (Murtuza Ali) က ပြောကြားခဲ့သည်။

ယခုနှစ်အတွင်း ဥရောပသို့ တင်ပို့ရောင်းချသည့် တရုတ်၏ နှစ်မျိုးစပ်ကား အရေအတွက်သည် ၂၀ ရာခိုင်နှုန်း မြင့်တက်လာပြီး လာမည့်နှစ်တွင် ထိုထက်ပိုပြီး များပြားလိမ့်မည်ဟု အလီက ဆိုသည်။

ဥရောပသည် အောက်တိုဘာလ ကုန်ပိုင်းမှစပြီး တရုတ်လျှပ်စစ်ကားများအပေါ် အခွန် ၄၅ ဒသမ ၃ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံခဲ့သည်။

နှစ်မျိုးစပ်ကားမျာသည် ဓာတ်ဆီနှင့် လျှပ်စစ် သို့မဟုတ် ဒီဇယ်နှင့် လျှပ်စစ် နှစ်မျိုးတွဲ အသုံးပြုသည့် ကား အမျိုးအစားများဖြစ်ပြီး ဝယ်သူများအကြားတွင် ရေပန်းစားသည့် ကားအမျိုးအစားများဖြစ်သည်။

ဇူလိုင်လမှ အောက်တိုဘာလအတွင်း ဥရောပသို့ နှစ်မျိုးစပ်ကားများ တင်ပို့မှု စုစုပေါင်းသည် ပြီးခဲ့သည့်နှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ၃ ဆကျော်အထိ မြင့်တက်ခဲ့ကြောင်း တရုတ်ခရီးသည်တင်ကား အဖွဲ့အစည်း၏ မှတ်တမ်းများအရ သိရသည်။

Source: ရိုက်တာ