CNI News

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၆

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နစက-က ပြီးခဲ့သည့် နိုဝင်ဘာလမှစတင်၍ ကုန်စည်စီးဆင်း ဝင်ရောက်မှုကို ဖြတ်တောက်ထားခြင်းကြောင့် လက်ရှိတွင် ရှမ်းမြောက်ရှိ စီးပွားရေးလုပ်ငန်းများ ထိခိုက်မှု ရှိနေသည်ဟု သိရသည်။

အဓိကအားဖြင့် စက်သုံးဆီဈေးနှုန်း ကြီးမြင့်ခြင်း၊ လုပ်ငန်းအတွက် လိုအပ်သည့် ကုန်ကြမ်းများ ရှားပါးခြင်းကြောင့် တချို့သော လုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာကြသည်။

မွေးမြူရေးလုပ်ငန်းများတွင် အစာကုန်ကြမ်းများ၊ စက်သုံးဆီဈေးနှုန်း ကြီးမြင့်ခြင်းများကြောင့် ထိခိုက်မှုများ ရှိနေ ကြောင်း၊ ထိုလုပ်ငန်းအပေါ်တွင် မှီခိုနေကြရသူ အများအပြားလည်း ထိခိုက်ကြကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲဒေသခံ ဦးတင်မောင်သိန်းက CNI သတင်းဌာနသို့ ပြောသည်။

ကုန်ကား တစ်စီးကို တွေ့ရစဉ်

၎င်းက “သူ့ဟာသူ တချိန်တုန်းက ကုန်ရောင်းကုန်ဝယ် လုပ်ခဲ့လုပ်ခဲ့ ဥပမာ မွေးမြူရေးလုပ်ငန်း လုပ်မယ်၊ ကြက် မွေးမြူရေး လုပ်မယ်၊ ဒါပေမယ့် ကြက်အစာတွေကလည်း ဝင်ခွင့်မရ စသဖြင့်ပေါ့လေ။ နောက်ပြီးတော့ ဈေးနှုန်း တွေက တအားကြီးလာတယ် ဝက်လည်း ထိုနည်းလည်းကောင်းပဲ။ အဲဒီလို ဖြစ်လာတဲ့အခါကျတော့ ကိုယ့်ရဲ့ ပင်ရင်း စီးပွားရေးလုပ်ငန်းကို လုပ်ကိုမလုပ်နိုင်တော့တာ။ ထုတ်ကုန်ကိုလည်း မထုတ်နိုင်ဘူး။ အဲဒီတော့ ဘယ်လို လုပ်ငန်းတွေလဲလို့ ပြောမယ်ဆိုရင် ဘယ်လိုလုပ်ငန်းတွေလဲဆိုတာထက် ဘယ်လိုလုပ်ငန်း လုပ်တဲ့သူ ထိခိုက်သလဲ ဆိုတာထက် အဲဒီမှာ အသက်ရှင် ရပ်တည်နေရတဲ့ လူအားလုံးဟာ ဝင်ငွေ ဘယ်လိုရအောင် ရှာမလဲ၊ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကမ်းကုန်ပြီလေ။ ဆီဈေးနှုန်းတွေ တွက်ကြည့်လိုက်အုံး ကုန်တင်လာမယ့် ကုန်ကားတစ်စီး မဝင်ရ ဘူးဆိုတဲ့ အခါကျတော့ ဒီကုန်တွေကို ပြန်ပြီးတော့ ပြန်ကူး၊ ဆိုတဲ့အခါကျတော့ ကုန်ကျစရိတ်တွေများ၊ ဒါပေမယ့် ဒီဘက် ပြည်နယ်ထဲကို ရောက်မလာတဲ့ အခါကျတော့ ဘာမှလုပ်ကိုင်စားလို့ မရတော့ဘဲနဲ့ ဝင်ငွေ breakdown ဖြစ်ကုန်တာပေါ့နော် အဲဒီလို အနေအထားမျိုးတွေချည်းပဲ ဖြစ်လာတာ” ဟု ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ရှင်သန်ရပ်တည်ရေးကို ဖိအားပေးသည့် အနေဖြင့် ကုန်စည်စီးဆင်းမှု လမ်းကြောင်းများကို ဖြတ်တောက်ရခြင်းဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ သိမ်းပိုက်ထားသည့် နယ်မြေအများစုတွင် ရှိသည့် ပြည်သူလူထုများသည် ပို၍ ကျပ်တည်းကြကြောင်း ဒေသတွင်းနေ ပြည်သူများက ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်များသို့ စားနပ်ရိက္ခာ မရောက်ရှိရေးအတွက် ကုန်စည်စီးဆင်းမှုကို ဖြတ်တောက်ခြင်း ဖြစ်သည်ဟု ကျောက်မဲဒေသခံတစ်ဦးက ပြောသည်။

TNLA တပ်ဖွဲ့ကို တွေ့ရစဉ်

၎င်းက “စစ်ဆင်ရေးအရ သိမ်းပိုက်ထားတဲ့ နယ်မြေအများစုမှာကတော့ ပြည်သူလူထုတွေက တော်တော်လေးကို ကျင်းထဲကျပ်ထဲ ရောက်တယ်ပေါ့နော်။ အဲဒါကလည်း စစ်ရေးအရ ပြောမယ်ဆိုရင် စကစဘက်ကလည်း ဖြတ် ၄ ဖြတ် ဖြတ်ပြီးတော့ ရိက္ခာပါ ဖြတ်တဲ့ အနေအထားပေါ့နော်။ အဲဒီလိုမျိုးတွေမှာ ဖြစ်တဲ့အတွက်ကြောင့်လည်းပဲ သက်ဆိုင်တယ်ပေါ့နော်” ဟု ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် မြန်မာ့တပ်မတော် အကြား  အပြန်အလှန် ကုန်စည်စီးဆင်းသည့် လမ်းကြောင်းများကို ဖြတ်တောက်ခြင်းများ လုပ်ဆောင်လျက်ရှိနေသည်။

လက်ရှိအချိန်ထိ ရှမ်းပြည်နယ်မြောက်ပိုင်းကို ဆက်သွယ်ထားသည့် မန္တလေး-နောင်ချိုလမ်း၊ ရပ်စောက်-နောင်ချို လမ်း၊ ရပ်စောက်-နမ့်လန်လမ်းနှင့် ပင်လုံ-မိုင်းရယ်လမ်းမှတဆင့် ဆန်၊ ဆီ၊ ဆေးဝါးနှင့် စားသောက်ကုန်တင်သည့် ကုန်ကားများကို ဖြတ်သန်းခွင့် ပိတ်ထားကြောင်း သိရသည်။