CNI International News

ဝါရှင်တန်၊ ဒီဇင်ဘာ ၇

ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများအတွက် ကမ္ဘာ့ဘဏ်၏ ရန်ပုံငွေထဲသို့ ဒေါ်လာ ၁၀၀ ဘီလျံ ထည့်ဝင်လှူဒါန်းပေး မည်ဟု အလှူရှင်နိုင်ငံများက ကတိပြုခဲ့ကြကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုအလှူငွေများကြောင့် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများအနေဖြင့် ကြွေးမြီပြဿနာများ၊ ရာသီဥတုဘေးအန္တရာယ် များ၊ ငွေကြေးဖောင်းပွမှုများနှင့် ပဋိပက္ခများကို ဖြေရှင်းရာတွင် ကြီးမားသည့် အထောက်အပံ့ကို ရရှိမည်ဖြစ်သည်။

ကမ္ဘာ့ဘဏ်က ထိုကြေညာချက်ကို တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်တွင် ဒီဇင်ဘာ ၆ ရက်က ပြုလုပ်သည့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအသင်း (IDA)၏ ညီလာခံ၌ ကြေညာခဲ့ခြင်းဖြစ်သည်။

အလှူငွေများကို အလွန်နည်းပါးသည့် အတိုးနှုန်းဖြင့် ဝင်ငွေနိမ့်သည့် နိုင်ငံ ၇၈ နိုင်ငံကို ကူညီထောက်ပံ့ ပေးမည် ဖြစ်သည်

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက ပြုလုပ်ခဲ့သည့် IDA ညီလာခံတွင်လည်း ကမ္ဘာ့ဘဏ်က အလှူငွေ ၉၃ ဘီလျံရရှိကြောင်း ကြေညာခဲ့သည်။

ကမ္ဘာ့ဘဏ် အဆောက်အအုံကို တွေ့ရစဉ်

အလှူရှင်နိုင်ငံများသည် IDA ကို ဒေါ်လာ ၂၄ ဘီလျံ တိုက်ရိုက် ထောက်ပံ့ပေးမည်ဖြစ်ပြီး ထိုပမာဏသည် ၂၀၂၁ ခုနှစ်က ကတိပြုခဲ့သည့် ဒေါ်လာ ၂၃ ဒသမ ၅ ဘီလျံထက် အနည်းငယ်သာပိုသည့် ပမာဏဖြစ်သည်။

ဆိုးလ်မြို့တော်တွင် ဒီဇင်ဘာ ၅ ရက်နှင့် ၆ ရက်တွင် ၂ ရက်ကြာ ပြုလုပ်ခဲ့သည့် IDA ညီလာခံ၌ မျှော်မှန်းထားသော  အလှူငွေ ၁၂၀ ဘီလျံကို ရရှိခဲ့ခြင်းမရှိခဲ့ပေ။

ပြီးခဲ့သည့်လက ဘရာဇီးလ်နိုင်ငံတွင် ပြုလုပ်သည့် စက်မှုထိပ်သီးနိုင်ငံ-၂၀ (G-20) ခေါင်းဆောင်များ ညီလာခံ၌ နော်ဝေနိုင်ငံက ကမ္ဘာ့ဘဏ်အတွက် ဒေါ်လာ သန်း ၄၅၀ ကျော် ထည့်ဝင်လှူဒါန်းမည်ဟု ကတိပြုခဲ့သည်။

တောင်ကိုရီးယားနိုင်ငံက ဒေါ်လာ ၅၉၇ သန်း၊ ဗြိတိန်က ၂ ဒမသ ၂ ဘီလျံကျော်၊  စပိန်က ယူရို သန်း ၄၀၀ ကျော် ထည့်ဝင်လှူဒါန်းမည်ဟု ကတိပြုခဲ့သည်။

ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံးဖြစ်သည့် အမေရိကန်နိုင်ငံ၏ သမ္မတဂျိုးဘိုင်ဒန် (Joe Biden) ကမူ ဒေါ်လာ ၄ ဘီလျံ ထည့်ဝင်လှူဒါန်းမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

Source: ရိုက်တာ