CNI News

၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁

ရွေးကောက်ပွဲ ကျင်းပပြီး တက်လာသည့် လက်ရှိ အစိုးရသစ် လက်ထက်တွင် စီးပွားရေး အလားအလာ အနေဖြင့် ယခင်ကထက် ပိုပြီးကောင်းလာနိုင်သည့် အလားအလာရှိသည်ဟု စီးပွားရေးလေ့လာသုံးသပ်သူများက ထောက်ပြ ကြသည်။

စီးပွားရေး ကောင်းမွန်လာရန်အတွက် မြန်မာနိုင်ငံအနေဖြင့် စီးပွားရေး ပတ်ဝန်းကျင်နှင့် စီးပွားရေးစနစ် ကောင်းမွန်ရန် လိုအပ်ကြောင်း၊ ထို့နောက် ဈေးကွက်စီးပွားရေးစနစ်ကို ပီပြင်အောင် အကောင်အထည်ဖော် ရန်လည်း လိုအပ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက အကြံပြုကြသည်။

ရင်းနှီးမြှုပ်နှံမှု ပရောဂျက်စီမံကိန်းများ ဆောင်ရွက်ရာတွင်လည်း ရေရှည်ကို ရှေးရှု၍ နိုင်ငံအတွက် အမှန်တကယ် အကျိုးရှိမည့် ပရောဂျက်နှင့် အကြွေးမီ မဖြစ်အောင်လည်း လုပ်ဆောင်ရန် လိုအပ်သည်ဟု စီးပွားရေးနှင့် ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “စီးပွားရေး အလားအလာတော့ အရင် အခြေအနေထက်စာရင် ဒါကတော့ ပြောလို့ရပါတယ်။ ပိုပြီးတော့ ကောင်းလာတာပေါ့။ နောက်တစ်ခါ ဘယ်လိုပြောမလဲ ဒီပါဝါကို ကိုင်ထားနိုင်ဖို့လည်း အခွင့်အရေး များတာပေါ့။ ယေဘုယျအားဖြင့်တော့ ဆက်ဆံချင် မဆက်ဆံချင် ဆက်ဆံလာမယ့် သဘောတော့ ရှိတာပေါ့လေ။ ဒါပေမယ့် တစ်ခုရှိတာပေါ့လေ ဒီဥစ္စာကို ဖြစ်လာဖို့က တည်ငြိမ်နေတဲ့ အကြောင်းအရာတွေက ရှိတာပေါ့။ ဆိုတော့ လောလောဆယ် ဒီရှိတဲ့ အနေအထားမှာ ကျနော်တို့ ဘာစလုပ်နိုင်မလဲ ရေနံလိုဟာမျိုးက လုပ်သင့်တာပဲလေ။ ရုရှားက ရေနံမှာ expect ပဲလေ။ တစ်ခုရှိတာပေါ့ဗျာ။ ပရောဂျက်တွေလုပ်တယ် တိုင်းပြည်မှာ တကယ် အကျိုး စီးပွား ဖြစ်စေတဲ့ ပရောဂျက်တွေ မဟုတ်ဘဲနဲ့ ဒီ့ပြင် အကြွေးနဲ့ပိတာတို့ အဲဒီလို ချောပြီး စဉ်းစားသွားမှာကို ကျနော် တို့က စိုးရိမ်တာပေါ့။ ဘာပဲဖြစ်ဖြစ် နံပါတ်တစ်အချက်က စီးပွားရေးပတ်ဝန်းကျင် ကောင်းကိုကောင်းရမယ်၊ စီးပွားရေးပတ်ဝန်းကျင် ကောင်းအောင် လုပ်ကိုလုပ်ရမယ်။ နံပါတ်နှစ် အချက်က စီးပွားရေးစနစ် မှန်အောင်လုပ် ရမယ်။ စီးပွားရေးစနစ်ဆိုလို့ရှိရင် ဈေးကွက်စီးပွားရေးကို ကျနော်တို့ တိုင်းပြည်တွေမှာ ဈေးကွက်စီးပွားရေးကို အပီအပြင်ကြီး ဖြစ်ဖို့ မလွယ်ဘူး။ ဒါပေမယ့် တတ်နိုင်သလောက် အပီပြင်ဆုံးဖြစ်အောင် ကြိုးစားဖို့လိုတာပေါ့” ဟု ပြောသည်။

အစိုးရသစ် ရက် ၁၀၀ စီမံကိန်းဖော်ဆောင်မည့် လုပ်ငန်းစဉ်ကို တွေ့ရစဉ် 

လက်ရှိတွင်လည်း ရေနံတူးဖော်ရေးနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ စိတ်ဝင်စားမှု ရှိနေသော်လည်း ရုရှားနိုင်ငံသည် ပထဝီအနေအထားရ ဝေးလွန်းခြင်းကြောင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံကိုသာ အဓိက အားထားရ မည်ဖြစ်သည်။

တိုင်းပြည်စီးပွားရေးတွင် အဓိကကျသည့် အချက် ၄ ချက်ရှိပြီး ဈေးကွက်ပီပြင်ရေး၊ လုပ်ငန်းစီမံရေး သုံးသပ်ခြင်း စနစ်တကျရှိရေး၊ ရေရှည်တိုးတက်နိုင်သည့် အရာများကို စဉ်းစားရန်နှင့် ပို့ကုန်သွင်းကုန်ကဏ္ဍတို့ ဖြစ်သည်။

တိုင်းပြည်၏ လူ့စွမ်းအား အရင်းအမြစ်ကိုလည်း ပြန်လည်သုံးသပ်ရာတွင် ကျွမ်းကျင်လုပ်သား အများအပြားသည် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေခြင်းကြောင့် ၎င်းတို့ကို ပြန်လည်ခေါ်ယူရေး စဉ်းစားရန် လိုအပ်သည်ဟု စီးပွားရေး နှင့်ဘဏ်ရေးရာ ကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

အစိုးရသစ် ရက် ၁၀၀ စီမံကိန်းဖော်ဆောင်မည့် လုပ်ငန်းစဉ်ကို တွေ့ရစဉ် 

၎င်းက “တိုင်းပြည်ထဲမှာရှိတဲ့ လူ့စွမ်းအား အရင်းအမြစ်ပေါ့။ သူတို့က အလုပ်လုပ်ခိုင်းမှာကို။ အရည်အချင်းရှိတဲ့ လုပ်သားတွေ လိုတာပေါ့။ အသက်အရွယ်နဲ့ သက်ဆိုင်တဲ့ လုပ်သားတွေလည်း လိုတာပေါ့။ ဆိုတော့ အခုက အလုပ်လုပ်နိုင်တဲ့ အရွယ်ပေါ့ အဲဒါတွေ တော်တော်များများက ပြည်ပရောက်နေတဲ့ အခါကျတော့ ပြန်ခေါ်ပြီးတော့ အလုပ်လုပ်ခိုင်းမလား ပြန်လာချင်အောင် အရင်လုပ်မလား ဒါကိုစဉ်းစားရမှာပေါ့” ဟု ပြောသည်။

စီးပွားရေးနှင့် ပတ်သက်ပြီး လုပ်ငန်းစီမံကိန်း အပိုင်းတွင် အမှန်တကယ် လုပ်နိုင်သည့်သူကို အစိုးရအနေဖြင့် အမှန်တကယ် ထောက်ပံ့ရန် လိုအပ်ပြီး အဂတိကင်းကင်းဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စီမံကိန်းများကို ဖော်ဆောင်ရာတွင်လည်း ရေတိုကိုမကြည့်ဘဲ ရေရှည်ကို ဦးစားပေး စဉ်းစားရန် လိုအပ်သည်။

လက်ရှိ အစိုးရသစ်သည် ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀ ရက်မှ ဇူလိုင် ၃၀ ရက်အထိ ရက် ၁၀၀ စီမံကိန်းကို အကောင် အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ ထို ရက် ၁၀၀ စီမံကိန်းတွင် တောင်သူလယ်သမားများ ချေးငွေ တိုးမြှင့် ချေးနိုင်ရေး၊ ကုန်သွယ်ရေး၊ ငြိမ်းချမ်းရေး၊ စွမ်းအင် စသည့် ကိစ္စရပ်များ ပါဝင်သည်။