CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၅
မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည် ဦးမော့လာရန် တစ်နည်းအားဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာရန် အတွက် အစိုးရနှင့် လုပ်ငန်းရှင်များအနေဖြင့် အချက် ၃ ချက်ကို ပြန်လည် ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်သည်ဟု စီးပွားရေးလေ့လာစောင့်ကြည့်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
ပထမအချက် အနေဖြင့် မက်လုံးစနစ် (Rational People Incentives) ကို မှန်ကန်စွာ စနစ်တကျ လုပ် ကိုင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဒုတိယအချက်မှာ Project planning/Project Evolution ကို ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တတိယအချက်မှာ ဦးစားပေးကဏ္ဍများကို မှန်ကန်အောင် စဉ်းစား၍ ဆောင်ရွက်ရန်လိုအပ်ကြောင်း ၎င်းက အကြံပြု ပြောကြားသည်။
ဦးဋ္ဌေးအောင်ကြည်က “ပထမအချက် အနေဖြင့် မက်လုံးစနစ် (Rational People Incentives) ကို မှန် ကန်စွာ စနစ်တကျ လုပ်ကိုင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နံပါတ်နှစ်က ဘာလဲဆိုတော့ Project planning/Project Evolution ပေါ့။ လုပ်ငန်းစီမံကိန်း စိစစ်သုံးသပ်မှုကို တကယ် Smart ကျ စနစ်ကျ အောင် သူလုပ်တယ်။ အဲဒီ ပညာကို ဘယ်ကသင်လဲ ဂျပန်နဲ့ အမေရိကားကနေ သူသင်တယ်။ ဆိုကြပါစို့ ဗဟိုဘဏ်အတိုးနှုန်းက အပြင်မှာ ဘဏ်တိုးနှုန်း တရားဝင်နှုန်းက ၂၀ ရာခိုင်နှုန်း ဖြစ်နေတဲ့အချိန်မှာ လုပ်ငန်းစီမံကိန်း စိစစ်သုံးသပ်မှုကို အောင်တဲ့ စိတ်ချရတဲ့ လုပ်ငန်းတွေ ဆိုလို့ရှိရင် ဘယ်လောက်နဲ့ ပေးလဲဆို ခြောက်ကျပ်နဲ့ပေးတာ ဝမ်လိုချင်ရင် ဝမ်ပေးတယ်၊ ဒေါ်လာ လိုချင်ရင် ဒေါ်လာပေးတယ်။ နှစ်ချက်ဖြစ်သွားပြီပေါ့။ project evolution ကို သေချာစနစ်တကျ လုပ် သင့်တယ်၊ နံပါတ်တစ်အချက်က မက်လုံးစနစ်ကြီးကို သေချာ ကျကျနန ပြင်သင့်တယ်၊ နံပါတ်သုံးအချက်က ဘာလဲဆိုတော့ ဦးစားပေး ကဏ္ဍတွေကို မှန်အောင် စဉ်းစားပါ။ ကျနော်တို့သည် စီးပွားရေးကဏ္ဍ ၁၄ ခုရှိတယ်ဆို စီးပွားရေးကဏ္ဍ အားလုံးသည် အားကောင်းနေတာ မဟုတ်ဘူး။ ဘယ်ဟာတွေက တကယ်ဖြစ်နိုင်တာလဲ၊ တကယ် ဖြစ်နိုင်တယ်ဆိုတာ စီးပွားရေးပညာအရပါ”ဟု ပြောသည်။

ဗိုလ်ချုပ်ဈေးအတွင်းကို တွေ့ရစဉ်
ထို့နောက် လယ်ယာစိုက်ပျိုးရေးနှင့် အသေးစား လုပ်ငန်းများကိုလည်း မည်ကဲ့သို့ စနစ်တကျ အကောင် အထည် ဖော်မလဲ ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း စီးပွားရေးလေ့လာစောင့်ကြည့်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဥပမာ လယ်ယာစိုက်ပျိုးရေးပေါ့။ လယ်ယာစိုက်ပျိုးရေးဆို ဆက်စပ်ပြီးပြောရရင် SME ပေါ့ လယ်ယာ စိုက်ပျိုးရေး၊ ဟိုတယ် Tourism အကုန်လုံးက ကျနော်တို့က ပါတဲ့အခါကျတော့ ၆ ချက် တစ်ပြိုင်နက် လုပ်ပေး ရမှာ။ အဲဒါသည် တစ်ခုချင်း လုပ်နေလို့ မရဘူး။ အဲဒါကို စနစ်တကျလေး ပေါင်းစု တဲ့ စီမံကိန်းပေါ့။ Comprehensive Plan ခေါ်တာပေါ့။ ဒါကြီးကို သေချာ စမတ်ကျကျ ချရမှာ။ ၆ ချက် လုံး ကျနော်တို့ ဗမာပြည်ရဲ့ လုပ်ငန်းတွေမှာ အမြဲတမ်း အားနည်းတယ်။ (နံပါတ်တစ်အချက်က ဘာလဲဆို တော့ (Financial) ငွေရေးကြေးရေး၊ နံပါတ်နှစ်အချက်က ဘာလဲဆိုတော့ (HR)၊ နံပါတ်သုံးက ဘာအား နည်းလဲဆိုရင် Management၊ နံပါတ်လေးက Technology၊ နံပါတ်ငါးက စီးပွားရေးကို အထောက်အကူ ပြုတဲ့ (Business Infrastructure) )ဆိုတော့ ဒီအားလုံး ကို စနစ်တကျ ပါပြီးတော့ အားလုံးကိုမိတဲ့ စဉ်း စားမှုမျိုးနဲ့မှရမှာ။ SME ဆို SME ငွေချေးလိုက်ရုံနဲ့ကတော့ မရဘူး လေ။ ကျနော်ပြောချင်တဲ့ အဓိပ္ပာယ်က ဘာလဲဆိုတော့ အဲဒီလို မက်လုံးစနစ် အားအရမ်းနည်းတဲ့ အတွက်ကြောင့် ကျန်တဲ့ပြဿနာတွေက သက်ဆိုင်ရာ ပြဿနာတွေက ဖြစ်လာတော့တာလေ။ အဲဒီသုံးချက်ပေါ့ အဲဒီသုံးချက်ကို အဓိကထား လုပ်သင့်တယ်လို့။ နံပါတ်တစ်က မက်လုံးစနစ်၊ နံပါတ်နှစ်က Project Evolution ကို Smart ကျ အောင် လုပ်ဖို့လိုတယ်၊ နံပါတ်သုံးအချက်က ခုနက ကျနော်ပြောတဲ့ဟာပေါ့နော်” ဟု ပြောသည်။

ကုန်စိမ်ရောင်းနေသူကို တွေ့ရစဉ်
စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် စီးပွားရေးနှင့် ဝင်ငွေ ကွဲပြားစွာ မြင်ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရ သည်လည်း စီးပွားရေးမူဝါဒကို အတိမ်းအစောင်းမခံဘဲ စည်းကမ်း၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အထောက်အကူ ပြုနိုင်သည့် အတွေးအခေါ်မျိုး လိုအပ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးလေ့လာ စောင့်ကြည့်သူများက ထောက်ပြကြသည်။
လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေး မတည်မငြိမ်မှုကနေ တဆင့် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး အားနည်းခြင်း၊ လျှပ်စစ်ဓာတ်အား အလုံအလောက် မရရှိခြင်း၊ လုပ်သား အရင်းအမြစ်များ ရှားပါးခြင်း၊ နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့ခံရခြင်း စသည့် အခြေအနေများကြောင့် စီးပွားရေး ထိခိုက်မှုများကို ရင်ဆိုင်နေရသည်။
ထို့ကြောင့် ပြည်သူလူထုသည် လူနေမှု ကုန်ကျစရိတ်များ မြင့်တက်လာခြင်း၊ ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်း၊ ဆေးဝါးများ ဈေးနှုန်းမြင့်တက်လာခြင်း၊ အလုပ်အကိုင် ရှားပါးလားခြင်း၊ စီးပွားရေး လုပ်ငန်းတစ်ခု ထူထောင်ရန် ခက်ခဲလာခြင်း စသည့် အခြေအနေများဖြင့် ရင်ဆိုင်နေကြရသည်။
