CNI News

၂၀၂၆ ခုနှစ်၊ မေ ၁၉

မြန်မာနိုင်ငံတွင် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များနှင့် အစိုးရသစ်၏ ရက် ၁၀၀ စီမံကိန်းတွင် ပါဝင်သည့် ကိစ္စရပ်များသည် ပြည်သူလူထုအတွက် ထိရောက်သော လုပ်ငန်းဖြစ်ရန် လိုအပ်သည်ဟု စီးပွားရေးနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

လက်ရှိတွင် ရက် ၁၀၀ စီမံကိန်းနှင့် ပတ်သက်ပြီး တောင်သူများအတွက် စိုက်ပျိုးစရိတ် ချေးငွေနှင့် လယ်ယာသုံး ပစ္စည်း ချေးငွေ တိုးမြှင့်ထုတ်ချေးပေးခြင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများကို ဖိတ်ခေါ်ခြင်း၊ နယ်စပ်မှ ဝင်ရောက်သည့် တရားမဝင် ကုန်စည်များကို မြို့ကြီးများတွင် ဖမ်းဆီးခြင်း စသဖြင့် လုပ်ဆောင်လျက်ရှိနေသည်။

ထို့အပြင် ရန်ကုန်မြို့အတွင်း နိုင်ငံသား မှတ်ပုံတင်ကတ် လုပ်ဆောင်ပေးခြင်း၊ လူကူးမျဉ်းကျားမှ ကူးစေခြင်းနှင့် မလိုက်နာပါက ဒဏ်ကြေးငွေ ကောက်ခံခြင်း၊ ရေမြောင်းများတွင် ကျူးကျော် ဆောက်လုပ်ထားသည့် ဆိုင်ခန်း များကို ရှင်းလင်းခြင်း၊ Bar နှင့် ကလပ်များတွင် ကခုန်သီဆိုမှုများ ရပ်တန့်ခြင်း စသည်များကို လုပ်ဆောင်လျက်ရှိ သည်။

ထိုလုပ်ရပ်များထက် ရက် ၁၀၀ စီမံကိန်းအတွင်း အစိုးရအပေါ် ပြည်သူလူထု၏ ယုံကြည်မှု ရရှိစေမည့် ကိစ္စရပ် များအား ပို၍ ဆောင်ရွက်သင့်ပြီး အဓိကအားဖြင့် နယ်စပ်ကုန်သွယ်ရေးနှင့် စီးပွားရေးကဏ္ဍကို ဦးစားပေး ဆောင်ရွက်သင့်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ကုန်သွယ်ရေးကားများကို တွေ့ရစဉ်

၎င်းက “အဓိက ၃၀၀၀ ပဲ ဖြစ်ရမယ့် ပစ္စည်းတစ်ခုက ၆၀၀၀ ဖြစ်တယ်၊ ၁၀,၀၀၀ ဖြစ်တယ် ဒါမျိုးဖြစ်နေတာ။ အဲဒါတွေက  ဘာလို့ဖြစ်သလဲဆိုတာ ကုန်သွယ်ရေး စီးဆင်းမှုမှာ ပိတ်ဆို့ထားတဲ့ ဟာတွေကြောင့်။ ပိတ်ဆို့တာက သူများပိတ်ဆို့တာ မဟုတ်ဘူး။ ကိုယ့်ဟာကိုယ် ပိတ်ဆို့ထားတာပေါ့နော်။ နယ်စပ်ကုန်သွယ်ရေးတွေ အကုန်လုံး ဒုက္ခရောက်တယ်။ ကျနော်တို့က ပေးမှာလား မပေးဘူးလား ရနောင်းမှာ ဖြစ်သွားတဲ့ ဘတ် သန်း ၅၀ အဲဒါ ကျနော်တို့ နိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ ပိုက်ဆံတွေလေ။ အဲဒါ ကျနော်တို့အားလုံးရဲ့ ပိုက်ဆံတွေလေ၊ တိုင်းပြည်ရဲ့ ပိုက်ဆံတွေလေ၊ တိုင်းပြည်အတွင်းမှာ ရှိနေတဲ့ လူတွေအားလုံးရဲ့ ပိုက်ဆံတွေ ဖြစ်တာကြောင့်မို့လို့ အဲဒါတွေကို အစိုးရတစ်ရပ်အနေနဲ့ ဒါတွေကို ကောင်းကောင်းမွန်မွန်ဖြစ်အောင် ဖြေရှင်းပေးရမှာလေ။ နောက်မို့ဆို လို့ရှိရင် သူတို့ဘာသာသူတို့ လုပ်တာပဲလေကွာဆိုပြီး သွားစဉ်းစားလို့ မရဘူး အစိုးရလုပ်ပြီဆိုတဲ့ အခါကျတော့။ ဒါမျိုးတွေကို ကောင်းမွန်အောင်၊ ပြေလည်အောင် ဖြေရှင်းပေးခြင်းအားဖြင့် ထိုက်သင့်တဲ့ ကုန်စည်ဈေးနှုန်းတွေက ထိုက်သင့်အားလျော်စွာ ဖြစ်သွားမှာပေါ့။ မတရားကြီး ၁၀၀၀ တန်ကို ၁ ကျပ်ဖြစ်ရပါမယ်လို့ ပြောနေဆိုနေတဲ့ကိစ္စ မဟုတ်ဘူး။ သူ့ဟာနဲ့သူ လိုက်လျောညီထွေတဲ့ ကုန်ဈေးနှုန်း တစ်ရပ်ဖြစ်ဖို့ လိုအပ်တယ်။ အဲဒီဟာကလည်း အစိုးရ တစ်ရပ်အနေနဲ့က ဘာမှခဲယဉ်းတဲ့ကိစ္စ မဟုတ်ဘူး။ သူ့ဟာသူ ပိတ်ထားတဲ့ကိစ္စ၊ သူ့ရဲ့ ပေါ်လစီ လွဲချော်မှုတွေ ကြောင့် ဖြစ်နေတဲ့ကိစ္စကို အဲဒါ ပြင်လိုက်တာနဲ့တစ်ပြိုင်နက် အားလုံး ပြေလည်သွားမယ့်ဟာကြီး။ လူထုအနေနဲ့ လည်း ဘာပဲဖြစ်ဖြစ် ပြေလည်သွားတယ်ဆိုရင် လူထုအနေနဲ့ ဝမ်းသာသွားမှာ။ အဲဒီလိုမျိုးတွေ ရွေးချယ်ပြီး လုပ်လိုက်လို့ရှိရင်တော့ ရက် ၁၀၀ စီမံကိန်းသည် အားလုံး လူနတ် ရဟန်းရှင် လူအပေါင်း ပြုံးပျော်စေမယ့်ဟာမျိုး ဒါမျိုးလေးတွေကို ရွေးချယ်ပြီး လုပ်သင့်တာပေါ့” ဟု ပြောသည်။

ရက် ၁၀၀ စီမံကိန်း လုပ်ဆောင်မှုများသည် ပြည်သူလူထုအကြား ထင်သာမြင်သာရှိသည့် ပြုပြင် ပြောင်းလဲမှုများ ကို လုပ်ဆောင်ရာမည်ဖြစ်ကြောင်း၊ အစိုးရဝန်ကြီးဌာနများအလိုက် ရက် ၁၀၀ စီမံကိန်းများ ချမှတ် ဆောင်ရွက်ခဲ့ ရာတွင် ငြိမ်းချမ်းရေး၊ စီးပွားရေး၊ နိုင်ငံခြားရေး၊ စွမ်းအင်၊ တည်ငြိမ် အေးချမ်းရေး စသည့် ကဏ္ဍများအပေါ် ဆော င်ရွက်မှု များအား ထင်ထင်ရှားရှား လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအလိုက် လုပ်ဆောင်ချက်များကို လည်း ပြည်သူလူထု သိရှိနားလည်ရန် ချပြသင့်သည်ဟုလည်း ထောက်ပြကြသည်။

အစိုးရ ရက် ၁၀၀ စီမံကိန်း ဖော်ဆောင်နေစဉ်

လက်ရှိ ရက် ၁၀၀ စီမံကိန်း ခေါင်းစဉ်တပ်ပြီး ဆောင်ရွက်နေသည့် ကိစ္စရက်များသည် ရက် ၁၀၀ စီမံကိန်းနှင့် မဆိုင်ဘဲ ဝန်ကြီးဌာနအလိုက်၊ ဌာနဆိုင်ရာအလိုက် ယခင်ကတည်းက ဆောင်ရွက်ကြရမည့် လုပ်ငန်းများ ဖြစ်သည်ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဆရာမြင်တာတော့ မယောင်ရာ ဆီလူးနေတာပဲ။ ဒါက လူကူးမျဉ်းကျားက ကူးပါဆိုတာက ဒါက နိုင်ငံသား စိတ်ဓာတ်ကိုတော့ တဖြည်းဖြည်း မြှင့်တင်ရမှာပေါ့။ ရေမြောင်းလုပ်တာတော့ စည်ပင်လုပ်ရမယ့် အလုပ်လေ။ ရက် ၁၀၀ ထဲမှာ ပါတာမှမဟုတ်ဘဲ။ နဂိုကတည်းက စည်ပင်သာယာက လုပ်ရမယ့်အလုပ်တွေ မလုပ်တော့ ရေမြောင်းပိတ်ဆို့တာတို့ ရှိတာပေါ့နော်။ အဓိက,က အဲဒါတွေက အဓိက မကျဘူး။ အဓိက ကျတာက ကုန်ဈေးနှုန်းကိစ္စ ဘယ်လိုလုပ်မလဲ။ ရန်ကုန်မြို့မှာက လူဦးရေ ၁၀ သန်းလောက်ရှိတယ်။ သူတို့ ရပ်တည် စားသောက်ဖို့ အတွက်ကို supply chain တွေ ဘယ်လို တည်ဆောက်မလဲ။ ဈေးသက်သာရအောင် ဘယ်လို တည်ဆောက်ပေးမလဲ။ ကုန်ဈေးနှုန်း ကြီးကြပ်ရေးကို ဘယ်လိုလုပ်မလဲ။ အလုပ်အကိုင် အခွင့်အလမ်းတွေ ဘယ်လို ရမလဲဆိုတဲ့ကိစ္စကို အဓိကထားပြီးတော့ စဉ်းစားသင့်တယ်လို့ မြင်တယ်။ ဆရာတို့က စီးပွားရေးကျကျပဲ မြင်တယ်လေ လုပ်ငန်းကို။ မယောင်ရာဆီလူးတဲ့ ကိစ္စတွေတော့ သိပ်မလုပ်စေချင်ဘူး” ဟု ပြောသည်။

လက်ရှိ ရက် ၁၀၀ စီမံကိန်း ခေါင်းစဉ်အောက်တွင် ဆောင်ရွက်နေသည့် ကိစ္စရပ်တချို့သည့် ရက် ၁၀၀ မဟုတ်ဘဲ ရေရှည်အနေဖြင့် ဆောင်ရွက်သွားရမည့် ကိစ္စရပ်များလည်း ပါဝင်နေသည့်အတွက် ဆက်လက် ဆောင်ရွက်သွား ရန်လည်း လိုအပ်သည်။

ထို့အပြင် လက်ရှိ လွဲမှားနေသည့် ပေါ်လစီများကိုလည်း အစိုးရအနေဖြင့် ရက် ၁၀၀ အတွင်း ပြင်ဆင်သွားရန် လည်း မျှော်လင့်ကြောင်း နိုင်ငံရေးနှင့်စီးပွားရေး လေ့လာသုံးသပ်သူများက ပြောသည်။